ရေး၊ အောက်တိုဘာ (၁)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကဗျာကြီးကျေးရွားအနီးမှာ စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်က ခေါဇာနယ်မြေရဲစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေးဘီးလူးအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ခေါဇာမြို့၊ ခေါဇာနယ်မြေရဲစခန်းကနေ ရေးမြို့သို့ လစာလာထုတ်ဖို့ အိမ်စီးကားနဲ့ တက်လာတဲ့ ခေါဇာနယ်မြေရဲစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ ၃ ဦးအဖွဲ့ကို ရေးဘီးလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတာကြောင့် ခေါဇာနယ်မြေရဲစခန်းမှူးနဲ့ ရဲတပ်ကြပ်ကြီး တစ်ဦး ၊ ရဲတပ်သား တစ်ဦး ၊ စုစုပေါင်း ရဲတပ်ဖွဲ့ဝင် ၃ ဦးဟာ အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တာပါ။

ရေးဘီးလူး အဖွဲ့တာဝန်ရှိသူတစ်ဦးကတော့ ခေါဇာနယ်မြေရဲစခန်းမှူးနဲ့အဖွဲ့ လစာထုတ်ဖို့ ရေးမြို့သို့ တက်ရောက်ဖို့ ရှိကြောင်း သတင်းအရ ကြိုတင်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ခေါဇာနယ်မြေရဲစခန်းမှူးနဲ့အဖွဲ့ကို ပစ်ခတ်ရှင်းလင်းပြီးနောက် သူတို့ဆီကနေ သေနတ် ၃ လက်၊ ကျည်ဘောက် ၅ ခု၊ လက်ထိပ်တစ်ခု၊ ဖုန်းတစ်လုံး၊ ကျည်ဆံ အတောင့် ၈၀ အပြင်ရုံးစာရွက်စာတမ်းတချို့လည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဒေသခံတွေအဆိုအရ ပစ်ခတ်ရှင်းလင်းခံလိုက်ရတဲ့ စခန်းမှူးဟာ ခေါဇာနယ်မြေရဲစခန်းကို ပြောင်းရွှေ့လာတာ မကြာသေးသလို သူပုန်တွေကို မကြောက်လို့ နယ်ပြောင်းလာတာလို့ ကြွေးကြော်ထားသူ ဖြစ်ပါတယ်။

ရေးမြို့နယ်မှာတော့ ရေးဘီးလူး အဖွဲ့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ ဌာနဆိုင်ရာ ဝန်ထမ်းတွေအပြင် စစ်ကောင်စီ သတင်းပေးဒလန်တွေကို မကြာခဏဆိုသလို ပစ်ခတ်ရှင်းလင်းနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.