ဖယ်ခုံ – ဩဂုတ်(၂၆)

ကရင်နီပြည်နယ် ဖယ်ခုံမြို့ လွယ်ပေါ်ကျေးရွာထဲကို စစ်ကောင်စီက တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ ဒေသခံတစ်ဦး ကျည်ထိမှန်မပြီး ပြည်သူတွေဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေး တပ်ရင်းက ပြောပါတယ်။

ဆောင်နန်းခဲရွာနဲ့ လွယ်မကူးတောင်ပေါ်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဖွဲ့(၂) ဖွဲ့ခွဲပြီး ကျေးရွာထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ အတွက် အသက်(၄၀) အရွယ်အမျိုးသား တစ်ဦး လက်မောင်းမှာ ကျည်ထိမှန်ခဲ့တာပါ။

ရွာသားတွေရွာထဲပြန်ဝင်လာလို့ အခုလိုလာရောက်ပစ်ခတ်ပြီး ရိက္ခာတွေဆင်းယူတာ ဖြစ်နိုင် တယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း(၂) တာဝန်ရှိသူတစ်ဦးက အခုလိုပြော ပါတယ်။

“ရွာသားတွေဝင်တာများရင် သူတို့အဲ့ဒီမှာပဲ ရိက္ခာဆင်းယူနေကြဆိုတော့ သူတို့အဲ့ဒီရွာတွေမှာရိက္ခာယူတာ ခဏခဏယူတော့ ရိက္ခာတွေသိပ်မလောက်မှာ ကြောက်လို့ ရွာသားတွေကို ပစ်လိုက်တာ” လို့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂) ကတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

လွယ်ပေါကျေးရွာအပါအဝင် ကျေးရွာ(၇) ရွာက ပြည်သူတွေဟာ ပြီးခဲ့တဲ့ မေလကစပြီး စစ်ဘေးရှောင်နေကြရတာပြီး လက်ရှိမှာတော့ ကျေးရွာတွေထဲမှာ ပြန်လည်နေထိုင်ချိန်မှာ အခုလိုအပစ်ခံခဲ့ကြရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ပစ်ခတ်ခံခဲ့ရတဲ့ ကျေးရွာ(၇) ရွာမှာ အိမ်ခြေရာနဲ့ချီရှိနေပြီး ပြည်သူ ထောင်နဲ့ချီ ဟာလဲ ဘေးလွတ်ရာကို ပြန်လည်ထွက်ပြေးနေရပါတယ်။ ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီရဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ(၂) သိန်းကျော်ဟာ နီးစပ်ရာမြို့တွေနဲ့ တောတောင်တွေထဲမှာ စစ်ဘေး ရှောင်နေကြရတာပါ။

စစ်ကောင်စီဟာ ကရင်နီပြည်နယ်မှာရှိတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေဆီကို ပို့ဆောင်ဆက်သွယ်ရေး အတွက်အရေးပါတဲ့ နေရာတွေကို အင်အားသုံးပြီးသိမ်းပိုက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဩဂုတ်လ တတိယအပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖရူဆိုမြို့နဲ့ လွိုင်ကော်မြို့ နယ်တို့ကတဆင့် ဖယ်ခုံနဲ့ ဒီမော့ဆိုမြို့နယ်ထဲကို တပ်အင်အားအများအပြားနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်နယ်ကို သာလွန်အင်အားတွေနဲ့ ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်လိုလိုလုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ(ဖယ်ခုံမြို့တနေရာ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.