လောင်းလုံး ၊ ဇူလိုင် (၃၀)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဟင်းချိုတော၊ သပြေရှောင်နဲ့ မောင်းမကန်ကျေးရွာတွေက ဒေသခံ ၁၂ ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ ညက ဟင်းချိုတောနဲ့ သပြေရှောင်ကျေးရွာမှာ ဧည့်စာရင်း ဝင်ရောက် စစ်ဆေးပြီးနောက် ဒေသခံတွေ ဖြစ်တဲ့ ဦးကျော်စွာမင်း၊ ကိုစုကန်း၊ ကိုစိုးလွင်၊ မအေးချို၊ မကြင်ရွှေနဲ့ မမိလဲ့တို့ ၆ ဦးကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ဒါ့အပြင် ဇူလိုင် ၂၉ ရက်နေ့ မနက် ၃ နာရီလောက်မှာလည်း မောင်းမကန်ကျေးရွာက ဒေသခံတွေဖြစ်တဲ့ ဦးစိုးသိန်း၊ ဦးအောင်ကျော်လွင်၊ ဦးညီညီအောင်၊ ကိုအောင်ဇော်၊ ဒေါ်လွင်နဲ့သမီးဖြစ်သူတို့ကို ထပ်မံ ဖမ်းဆီးသွားခဲ့ပါတယ်။စစ်ကောင်စီကတော့ ဒေသခံ ၁၂ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးသွားခဲ့တာပါ။ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံတွေကိုတော့ စစ်ကောင်စီက ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်း ထားလဲဆိုတာ မသိရသေးသလို မိသားစုဝင်တွေက အဆက်အသွယ်ရဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကလည်း အောက်ရေဖြူကျေးရွာထဲက ဘော်ဒါဆောင်ပိုင်ရှင်နဲ့ ကုန်စုံဆိုင်လင်မယားကို PDF နဲ့ဆက်သွယ်တယ်ဆိုပြီး လာရောက် ဖမ်းဆီးသွားခဲ့ပါသေးတယ်။လောင်းလုံးမြို့နယ်ထဲမှာတော့ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို ရှောင်တခင် ဝင်ရောက် စစ်ဆေးတာနဲ့ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.