မော်လမြိုင် ၊ ဇူလိုင် (၁၉)

 
Kaung For You အွန်လိုင်းစာသင်ကျောင်းက ဆရာ၊ဆရာမတွေ ဆက်တိုက် ဖမ်းဆီးခံရနေတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေရတယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ CDM ဆရာ၊ဆရာမတွေက ပြောပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က Kaung For You အွန်လိုင်းစာသင်ကျောင်းရဲ့ အချက်အလက်တချို့ပေါက်ကြားပြီးနောက် ကျောင်းတည်ထောင်သူ ဦးကောင်းသိုက်စိုးအပါအဝင် CDM ဆရာ သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးရမိခဲ့တယ်လို့ ဇူလိုင် ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


အဲဒီနောက်ပိုင်းမှာတော့ Kaung For You အွန်လိုင်းစာသင်ကျောင်းမှာ စာသင်ပေးနေတဲ့ CDM ဆရာ၊ဆရာမ အယောက် ၂၀ ထက်မနည်း ဆက်တိုက် ဖမ်းဆီခံခဲ့ရတာပါ။


အခုလို ဖမ်းဆီးမှုတွေကြောင့် လုံခြုံရေးအတွက် ပိုမို စိုးရိမ်နေရပြီး ထွက်ပြေးတိမ်းရှောင်လို့ မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ လို့ CDM ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။


“လက်ရှိက အရှေ့ကိုလည်း သွားလို့ မရ၊ အနောက်ကိုလည်း ဆုတ်လို့မရ အဲဒီလိုမျိုး။ ဘေးပတ်ဝန်းကျင်မှာ အဲဒီလို သတင်းတွေ ကြားနေရတာပေါ့နော်။ဆိုတော့ ကိုယ့်အလှည့်ကို စိုးရိမ်တာပဲ၊ ဘယ်သူမဆို အရမ်းစိုးရိမ်တာပဲ။ရှောင်မယ်ဆို ဘယ်မှာမှ ရှောင်လို့ မရဘူးလေ။အဲလိုဆိုတော့ ကိုယ်ကြောက်နေရရင်လည်း နေရတာပဲ၊ လောလောဆယ် အခြေအနေကတော့ အဲဒီလိုပဲ”သူက ဆိုပါတယ်။

 
အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနကတော့ စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ ကလေးသူငယ်တွေ စဉ်ဆက်မပြတ် ပညာသင်ယူခွင့် ရရှိရေးအတွက် ကြားကာလပညာရေး ဖော်ဆောင်နေတဲ့ ကျောင်းတွေကို ဖျက်ဆီးဖို့ လုပ်ဆောင်နေတာလို့ ဇူလိုင် ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။


စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက CDM ကျောင်းဆရာမတစ်ဦးကတော့ အာဏာသိမ်း ကာလအစကတည်းက စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေကို ကြုံခဲ့ရတာကြောင့် အခုလို အခြေအနေမှာ လုံခြုံရေးအတွက် ပြင်ဆင်ထားရတယ်လို့ ပြောပါတယ်။


“ကိုယ့်ဘက်က ဒီPDF တွေ ၊ (ပကဖ) တွေ (ပအဖ) ‌ခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ပြီး ဒီလိုမျိုး ဆရာ၊ဆရာမတွေ ဖမ်းဆီးနေတာမျိုးရှိတယ်ဆိုတော့ နည်းနည်းလောက် လုံခြုံရေးလေး ပိုပြီး တင်းကြပ်ပေးဖို့။ နောက်တကယ်လို့ ထူးခြားတာရှိတယ်ဆိုရင်လည်း အကြောင်းကြားပေးဖို့နော်။ ဖုန်းအဆက်အသွယ်နဲ့ဖြစ်ဖြစ် အကြောင်းကြားပေးဖို့ ။ဒါ‌မျိုးလေး‌တွေ ကြိုပြီးတော့ တောင်းဆိုရတာပေါ့”လို့ သူက ဆိုပါတယ်။


Kaung For You ကျောင်းနဲ့ပတ်သက်ပြီး စစ်တပ်က ဖမ်းဆီးဖို့ ကြိုးစားနေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်လာတဲ့ CDM ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို လက်ခံကြိုဆိုသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က အသိပေးပြောဆိုထားပါတယ်။


အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးကတော့ အခုလို ဖမ်းဆီးမှုဟာ လွတ်လပ်စွာ ပညာသင်ကြားခွင့်အတွက် CDM ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား၊ကျောင်းသူတွေအပေါ် ကျုးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။


“စကစက K4U ကျောင်းက ဆရာတွေကို ဖမ်းဆီးတာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခုကြားကာလကျောင်းတွေမှာ သင်ကြားနေတဲ့ ဘယ်ဆရာမဆို ဘယ်ကျောင်းသားကိုမဆို ဖမ်းဆီးတာတွေ၊လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ပိတ်ပင် တားဆီးတာတွေ၊ ချိန်းခြောက်တာတွေ လုပ်တဲ့ ဘယ်အလုပ်မဆို ဒါက လွတ်လပ်စွာ ပညာသင်ကြားခွင့်ဖြစ်တဲ့ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်ပါတယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။


Kaung For You ကျောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွှန်မှုနဲ့ ကြားကာလပညာရေးကို ဖော်ဆောင်နေတဲ့ အွန်လိုင်းကနေ အခြေခံပညာရေးအတန်းတွေကို အခမဲ့ သင်ကြားပေးတဲ့ ပုဂ္ဂလိက ကျောင်းဖြစ်ပါတယ်။


အဲဒီ‌ကျောင်းမှာအပ်ထားတဲ့ ကျောင်းသားမိဘတွေ၊ ကျောင်းသား၊ကျောင်းသူတွေဟာ ကိုယ်ရေးအချက်အလက်တွေကို အတိအကျ ပေးထားရတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။


NUG ပညာရေးဝန်ကြီးဌာနကတော့ အွန်လိုင်းစာသင်ကျောင်းအနေနဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူပြီး စနစ်တကျ မထိန်းသိမ်းနိုင်တာဟာ အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်တဲ့ ကိုယ်ရေးအချက်အလက် လုံခြုံခွင့်ကို ချိုးဖောက်တာဖြစ်တဲ့အတွက် သက်ဆိုင်ရာ ကျောင်းစီမံခန့်ခွဲမှုကော်မတီအနေနဲ့ တာဝန်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.