နယူဒေလီ ၊ ဇူလိုင် (၁၉)

အိန္ဒိယပါလီမန်သည် သမ္မတသစ်ရွေးချယ်ဖို့ တနင်္လာနေ့မှာ စတင်မဲပေးခဲ့ပြီး နိုင်ငံရဲ့ အပယ်ခံလူမျိုးစုအသိုင်းအဝိုင်းမှ အမျိုးသမီး နိုင်ငံရေးသမားတစ်ဦးဟာ သမ္မတရာထူးအတွက် ရေပန်းစားနေတာဖြစ်ပါတယ်။ 

၀န်ကြီးချုပ် နာရန်ဒါမိုဒီရဲ့ အာဏာရပါတီမှ ၎င်းရာထူးအတွက် Santhal မျိုးနွယ်စုမှ ဒရော့ပါတီ မာမူးကို အမည်စာရင်း တင်သွင်းခဲ့တာပါ။

ရွေးချယ်ခံရပါက သူမသည် အိန္ဒိယရဲ့ ပထမဆုံး မျိုးနွယ်စုသမ္မတနှင့် ဒုတိယမြောက် အမျိုးသမီးသမ္မတ ဖြစ်လာမှာ ဖြစ်ပြီး လက်ရှိသမ္မတ ရမ်နတ်ကိုဗင်ဟာလည်း ဟိန္ဒူဇာတ်စနစ်ရဲ့ အောက်ခြေရှိ ဒါလစ်အသိုင်းအဝိုင်းမှလာတဲ့ ဒုတိယမြောက် သမ္မတဖြစ်ပါတယ်။ 

အသက် ၆၄ နှစ်ရှိတဲ့ မာမူးဟာ နိုင်ငံရေးလောကသို့ မ၀င်ရောက်မီ ကျောင်းဆရာအဖြစ် အရှေ့ပိုင်း အိုဒီရှာပြည်နယ်တွင် အသက်မွေးဝမ်းကြောင်းပြုခဲ့ပြီး ပြည်နယ်အစိုးရတွင် ဝန်ကြီးရာထူးများကို ထမ်းဆောင်ခဲ့ကာ အိမ်နီးချင်း ဂျဟာခန်းပြည်နယ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့ဖူးပါတယ်။ 

မာမူးဟာ “သူမရဲ့ဘ၀ကို လူ့အဖွဲ့အစည်းအတွက် အလုပ်အကျွေးပြုပြီး ဆင်းရဲနွမ်းပါးသော၊ နင်းပြားနှင့် အပယ်ခံလူတန်းစားများကို စွမ်းဆောင်နိုင်စေရန်အတွက် သူမ၏ဘဝကို မြှုပ်နှံထားပါတယ်” လို့ မိုဒီက တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ 

၎င်းရဲ့ သမ္မတရာထူးအတွက် အဓိကပြိုင်ဘက်မှာ ကွန်ဂရက်လွှတ်တော်အပါအဝင် အတိုက်အခံပါတီများရဲ့ ကျောထောက်နောက်ခံပေးထားသည့် BJP အဖွဲ့ဝင်ဟောင်းနှင့် ဘဏ္ဍာရေးနှင့် ပြင်ပရေးရာဝန်ကြီးဟောင်းဖြစ်သည့် ဝါရင့်နိုင်ငံရေးသမား ရာရှ်ဝမ်ဆင်ဟာ ဖြစ်ပါတယ်။ 

ရာရှ်ဝမ်ဆင်ဟာသည် မိုဒီ၏အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်သူတစ်ဦးဖြစ်ပြီး “ဒီနှစ် သမ္မတရွေးကောက်ပွဲဟာ လူတစ်ဦးချင်းနဲ့ အယူဝါဒနှစ်ခုကြားက ပြိုင်ဆိုင်မှုမဟုတ်ပါဘူး၊ ကျွန်ုပ်တို့၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော ပြဋ္ဌာန်းချက်များနှင့် တန်ဖိုးများကို တစ်ဖက်တည်းက ကာကွယ်လိုပါတယ်” လို့ သီတင်းပတ်ကုန်ရက်က တွစ်တာစာမျက်နှာ ရေးသားခဲ့ပါတယ်။ 

အိန္ဒိယသမ္မတသည် နိုင်ငံတဝှမ်းရှိ လွှတ်တော်နှစ်ရပ်လုံးနှင့် ဒေသဆိုင်ရာ ဥပဒေပြုလွှတ်တော်များမှ ရွေးကောက်ခံအဖွဲ့ဝင် ၅၀၀၀ နီးပါးမှ ရွေးချယ်ခဲ့ပါတယ်။ ရလဒ်ကို ယခုသီတင်းပတ်နှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။ 

အိန္ဒိယဝန်ကြီးချုပ်သည် အုပ်ချုပ်ရေးအာဏာကို ကိုင်စွဲထားသော်လည်း သမ္မတသည် ပြန်လည်သုံးသပ်ရန်အတွက် လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းအချို့ကို ပြန်လည်ပေးပို့နိုင်မှာဖြစ်ပြီး သမ္မတသည် အစိုးရဖွဲ့ စည်းရေး လုပ်ငန်းစဉ်တွင် လမ်းပြ အခန်းကဏ္ဍမှလည်း ပါဝင်မှာ ဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.