မိုးဗြဲ ၊  ဇူလိုင်(၁၉)

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်နယ်စပ်မြို့ဖြစ်တဲ့ မိုးဗြဲမြို့ပေါ်မှာ ဇူလိုင်လ (၁၈) ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ထဲကို လက်နက်ကြီး နဲ့ပစ်ခတ်တိုက်ခိုက် နေတာကြောင့် ဒေသခံ နေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့သလို နေအိမ်အတွင်းရှိ အမျိုးသား တစ်ဦးလည်း လက်နက်ကြီးထိမှန် ဒဏ်ရာရရှိထားပါတယ်။

အဲဒီတိုက်ပွဲဟာ စစ်ကောင်စီတပ်စခန်း တစ်ခုကို ဒေသကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ရာကနေ နှစ်ဖက် တိုက်ပွဲ စတင် ဖြစ်ပွားခဲ့တယ်လို့ ပြောဆိုနေပေမယ့် သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ နေရာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေရသလို ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ မိုးဗြဲလူမှုကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ ၊ မားသားဝေါလ်အနီး၊ ကားရေဆေးစင် နဲ့ ဘုရားကျောင်းတို့မှာ ဝင်ရောက် နေရာယူထားသလို ကားရေဆေးစင် ပိုင်ရှင်ကိုလည်း အပြင်မထွက်ခိုင်းဘဲ ဖမ်းဆီးထားတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ မြို့အတွင်း သွားလာတာတွေ မလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးစာ ထုတ်ပြန်ထားပါတယ်။

မိုးဗြဲမြို့ပေါ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တို့ကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.