ကျိုက်ထို ၊ ဇူလိုင် (၁၈)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သစ်ဆိပ့်ပင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ မနက် ၆ နာရီခွဲအချိန်လောက်က ဝေါမြို့နယ်ဘက်ကနေ ကျိုက်ထိုဘက်ကို မောင်းနှင်လာတဲ့ ကား ၁၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသာလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ကား တစ်စီး ထိခိုက်ပျက်စီးခဲ့သလို စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးနိုင်ကြောင်းနဲ့ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေတယလို့ သထုံခရိုင် PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မိုင်းဆွဲတိုက်တိုက်ခံရပြီးနောက် စစ်ကောင်စီအလုံပိတ်ကားတွေဟာ ကျိုက်ထိုမြို့နယ်ထဲကို အရှိန်ပြင်းမောင်းနှင်းပြီး ဆက်လက်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
ကျိုက်ထိုမြို့နယ်ထဲမှာတော့ တစ်လလျှင် အနည်းဆုံး စစ်ကောင်စီယာဉ်တန်း ၁၅ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်