မော်လမြိုင် ၊ ဇူလိုင် (၁၉)


ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက် ကျဆင်း နေပေမယ့် ပြည်တွင်းမှာ ဒေါ်လာဈေးနှုန်း ဆက်လက် မြင့်တက်နေတာကြောင့် ရွှေဈေးနှုန်း ထပ်မံ မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

 
ကမ္ဘာ့ရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်က တစ်အောင်စကို ဒေါ်လာ ၁၈၀၀ ကနေ ဇူလိုင် ၁၈ ရက်နေ့မှာ ဒေါ်လာ ၁၇၀၀ ထိ ဈေးနှုန်း ကျဆင်းလာတာပါ။

ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းလာပေမယ့် ပြည်တွင်း ဒေါ်လာဈေးကွက်မှာတော့ တစ်ဒေါ်လာကို ကျပ် ၂၄၀၀ ထိ ဈေးနှုန်း မြင့်တက်လာခဲ့ပါတယ်။

ပြည်တွင်းမှာ ဒေါ်လာဈေးနှုန်း မြင့်တက်လာတာကြောင့် မီးလင်းအခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၀၄၅၀၀၀ ကနေ ကျပ် ၂၀၆၅၀၀၀ ထိ ဈေးနှုန်း မြင့်တက်လာခဲ့တာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရွှေလုပ်ငန်းရှင်အသင်း တာဝန်ရှိသူ တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“လက်ရှိ ရွှေဈေးက ကမ္ဘာ့ ရွှေဈေးက တောက်လျှောက် ကျတယ်၊ ကျွန်တော်တို့ ပြည်တွင်းမှာ ဒေါ်လာဈေးက တောက်လျှောက်တက် လာတယ်ဗျ၊ ပြည်တွင်း ဒေါ်လာဈေး ကျွန်တော်တို့က ရွှေဈေး သတ်မှတ်တဲ့ အခါကျတော့ ပြည်ပက ကမ္ဘာ့ရွှေဈေးရယ်၊ ပြည်တွင်းဒေါ်လာဈေးရယ်၊ နောက် နယ်စပ်က ကျွန်တော်တို့ ဈေးနှုန်းတွေရယ်၊ ငွေလဲ ဈေးနှုန်းတွေရယ်၊ ဒီရောင်းလိုအား ဝယ်လိုအား အပေါ် မူတည်ပြီးတော့ နေ့စဉ် ကျွန်တော်တို့ ရည်ညွှန်း ဈေးထုတ်ပေးတယ်ပေါ့၊ ဒီရက်ထဲကတော့ ကျွန်တော်တို့ ပြည်တွင်း ဒေါ်လာဈေး တက်လာတဲ့ အတွက် ရွှေဈေးလည်း တက်သွားတဲ့ သဘောပါပဲ၊ ကျွန်တော်တို့ လက်ရှိ အနေအထားကတော့ ကမ္ဘာ့ရွှေဈေး ကျတယ်၊ ပြည်တွင်းက ဒေါ်လာဈေးလည်း ပြန်ကျသွားမယ်ဆိုရင် ကျတော်တို့ ဒီရွှေဈေးက ပြန်ပြီးတော့ ကျသွားမှာပဲ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

 
ဒါ့အပြင် ပြည်တွင်း ရွှေထုတ်လုပ်တဲ့ နေရာမှာလည်း အရင်က ထုတ်လုပ်မှု စရိတ်နည်းပါးပေမယ့် စစ်တပ်အာဏာသိမ်း ပြီးနောက် ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ အဆမတန် မြင့်တက်လာတာကြောင့် ရွှေဈေးနှုန်း မြင့်တက်လာရတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

 
ပြည်တွင်း ရွှေဈေးနှုန်း ဆက်တိုက် မြင့်တက်နေတာကြောင့် ဈေးကွက်အတွင်း ရွှေဝယ်စုဆောင်းမှု သိသိသာသာ ကျဆင်းလာသလို အရောင်းအဝယ် အေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။


ရွှေဈေးနှုန်းတွေဟာ NLD အစိုးရလက်ထက်တုန်းက တစ်ကျပ်သား ကျပ် ၁၃ သိန်းဝန်းကျင်မှာသာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် တစ်ကျပ်သားကို ကျပ် ၂၂ သိန်းထိ စံချိန် ဈေးနှုန်း မြင့်တက်ခဲ့သလို ဈေးကွက်မတည်မငြိမ်မှုတွေလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.