မော်လမြိုင် ၊ ဧပြီ (၁၆)

နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေ မီးရှို့ဖျက်ဆီးတာကြောင့် နှစ်ပတ်အတွင်း လူနေအိမ်အလုံးပေါင်း ၁၂၀၀ ကျော် ပျက်စီးခဲ့တယ်လို့ Data for Myanmar က ထုတ်ပြန်ပါတယ်။

အခုလ ဧပြီ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ နှစ်ပတ်အတွင်း လူနေအိမ် ၁၂၀၀ ကျော် ထပ်မံ မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် အာဏာသိမ်းကာလအတွင်း လူနေအိမ် ၉၁၀၀ ကျော်ထိ မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီက အခုလို လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေ ထောက်ပံ့မှုတွေ မလုပ်နိုင်အောင် အကြောက်တရားသွင်းပြီး ဖိနှိပ်နေတာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ဒေသခံပြည်သူ တစ်ဦးက ပြောပါတယ်။



“ကျေးလက်ဒေသက လူတွေကျတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို များစွာကူညီထောက်ပံ့ကြတာ ပြုလုပ်တယ်။အဲဒီအခါမျိုးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အကူအညီမပေးနိုင်အောင်ဆိုတာမျိုးတွေ။နောက်တစ်ခါ လူထုကို လုံဝအကြောက်တရား ရိုက်ထည့်နိုင်အောင် သူတို့ကို (စကစတပ်) မတွန်းလှန်နိုင်အောင် မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးဖွဲ့တို့အကြား နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေသလို မြေပြင်မှာလည်း သပိတ်လှုပ်ရှားမှုတွေ ဆက်ရှိနေပါတယ်။

Data for Myanmar အဆိုအရ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာ စစ်ကိုင်းတိုင်းက လူနေအိမ် ၅၆၀၀ ကျော်နဲ့ အများဆုံး မီးရှို့ဖျက်ဆီးခံထားရပြီး မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာလည်း နေအိမ်အလုံးပေါင်း ၁၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.