လေးကေ့ကော် ၊ ဧပြီ (၁၅)
ဧပြီလ (၁၄)ရက်နေ့ ညပိုင်းကစပြီး ကရင်ပြည်နယ် လေးကေကော်မြို့သစ်အနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ အမြောက်အများသုံးပြီး ထိုးစစ်ဆင်ခဲ့ပေမယ့် ဒီကနေ့ မနက်ပိုင်းမှာ အကျအဆုံးများစွာနှင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ် ။
ကော်ဘရာစစ်ကြောင်း လုံခြုံရေးရယူထားတဲ့ တောင်ကုန်းတွေအပေါ်ကို မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်ဘက်က ကျူးကျော်ဖို့ ကြိုးစားလာတာကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အမြှောက် လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ထိုးစစ်ဆင်မှုကို ကော်ဘရာစစ်သည်တွေရဲ့ ပြန်လည်ခုခံတိုက်ခိုက်နိုင်ခဲ့မှုကြောင့် ဒီကနေ့ မနက် (၃)နာရီ ခွဲအချိန်မှာ စစ်ကောင်စီတပ်တွေဟာ အထိအခိုက် အကျအဆုံး များစွာနဲ့ ပြန်လည် ဆုတ်ခွာခဲ့ရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှုပမာဏကို အတည်မပြုနိုင်ပေမဲ့ ကော်ဘရာ စစ်သည်တွေ ဘက်ကတော့ ထိခိုက်၊ ကျဆုံး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေကျန်ခဲ့တဲ့ ကျည်ဆံတွေနဲ့ ကျည်ဘောက်တွေကိုလည်း ကော်ဘရာစစ်ကြောင်းက သိမ်းဆည်းနိုင်ခဲ့ပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း