မော်လမြိုင် ၊ ဧပြီ (၁၅)

မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်နေတဲ့ ဗဟိုကွပ်ကွဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C အောင်မြင်နေပြီးလို့ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဗဟိုကွပ်ကွဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C ဟာ အာဏသိမ်း စစ်ကောင်စီကို ထိရောက်စွာ တိုက်ခိုက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ NUG လက်အောက်ခံ တပ်ရင်းတွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ဖွဲ့စည်းထားတဲ့ ကော်မတီ တစ်ခု ဖြစ်ပါတယ်။

ဗဟိုကွပ်ကွဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C မှာတော့ စစ်တိုင်းအလိုက် စစ်ဒေသဦးစီးအဖွဲ့၊ တပ်ရင်း၊ တပ်ဖွဲ့တွေ ပါဝင်ပြီး အဆင့်ဆင့်ကွပ်ကဲမှုစနစ်နဲ့ စစ်ကောင်စီကို ထိရောက်စွာ တိုက်ခိုက်သွားဖို့ ရည်ရွယ်ထားတာပါ။



လက်ရှိမှာတော့ မဟာမိတ်အဖွဲ့တွေနဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်နေတဲ့ C3C ဟာ ကောင်းမွန်တဲ့ မဟာဗျူဟာတွေနဲ့ တိုက်ပွဲတွေမှာ အောင်မြင်မှုတွေ ရရှိနေပြီးလို့ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။

“ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လိုအပ်တဲ့ ဦးဆောင်မှုတွေ ၊ သူတို့ရဲ့ အတွေ့အကြုံတွေ ၊ သူတို့မှာရှိတဲ့ အရင်းအမြစ်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်တဲ့အတွက် တိုက်ပွဲတွေနဲ့ ပတ်သက်ရင် ပိုမိုကောင်းမွန်တဲ့ မဟာဗျူဟာတွေနဲ့ စစ်ဆင်ရေးတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခုလက်ရှိ တိုက်ပွဲတွေမှာလည်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ pdf တွေ ပူးပေါင်းပြီး တိုက်ပွဲတွေ ဆင်နေပါတယ်။ အောင်မြင်မှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် C3C က အောင်မြင်တယ်လို့ ပြောလို့ရပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ချိတ်ဆက်ရုံသာမက ဒေသအလိုက်ဖွဲ့ထားတဲ့ Local defence force အဖွဲ့တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေပြီး PDF တပ်ရင်းတွေ၊ မြို့နယ်အလိုက်ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နေရာအများစုမှာ ပူးပေါင်းဆောင်ရွက်နိုင်နေပြီးလို့ ပြောပါတယ်။

ဒါပေမယ့် အသွင်ကူးပြောင်းတဲ့လုပ်ငန်းစဉ်ထဲမှာ ချိတ်ဆက်ဆောင်ရွက်ဖို့ လိုနေသေးတဲ့ အဖွဲ့အစည်းတချို့ ကျန်ရှိနေသေးပေမယ့် စစ်ရေးကိစ္စတွေမှာ အဆင့်ဆင့်ကွပ်ကဲမှုစနစ်နဲ့ သွားနိုင်ဖို့ ကြိုးပမ်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တပ်အင်အား ၁ သိန်းကျော်ထိ ရှိလာပြီးလို့ ဦးနိုင်ထူးအောင်က သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.