မော်လမြိုင် ၊ ဧပြီ (၁၅)

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့တဲ့(၂)ရက်က စပြီး ညပိုင်းအချိန်တွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင် လာတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ သင်္ကြန်ပွဲတော် ကျင်းပနေပေမယ့်လည်း ကယားပြည် နယ် ဒီမော့ဆိုဒေသကို ညပိုင်းအချိန်တွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်လာတာပါ။

စစ်ကောင်စီတပ်ဟာ ညပိုင်းအချိန်တွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာတွေ လုပ်ဆောင်နေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“ လေယာဥ်လာပစ်တာကတော့ နှစ်ရက်ရှိပြီး ညနေ (၆)နာရီဝန်းကျင်ပေါ့ ။ အိမ်တွေထိခိုက်တာတော့ များတယ်။ လက်နက်ကြီးတွေလည်း တောက်လျှောက် ပစ်ခတ်နေတယ်။ တိုက်ပွဲတွေက ဆက်ရှိနေသေးတာပေါ့” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၁၁) ရက်နေ့နဲ့ (၁၂)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီးမော့ဆိုမြို့နယ် အိုခူးရီတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က အယောက် (၃၀) နီးပါး သေဆုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဘက်က (၇) ယောက် ကျဆုံးခဲ့ပါတယ်။

တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကယားပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ ဧပြီလ ဒုတိယအပတ်ကစပြီး စစ်ရေးပြင်ဆင်တဲ့အနေနဲ့ သံချပ်ကား၊ တင့်ကားတွေကို တည်နေရာ ပြောင်းရွှေ့တာ၊ စစ်အင်အားတိုးချဲ့တာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

ကယားပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲကြောင့် လူဦးရေ (၂) သိန်းကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေနဲ့ စစ်ရှောင်စခန်းတွေမှာ ပုန်းခိုနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.