မော်လမြိုင် ၊ ဧပြီ (၁၄)

စစ်ကောင်စီ ကျင်းပတဲ့ သင်္ကြန်ပွဲတော် ဒုတိယနေ့ဖြစ်တဲ့ ဧပြီ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့မှာလည်း မော်လမြိုင်မှာ ရေကစားတာ မရှိဘဲ တိတ်ဆိတ် ခြောက်ကပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မော်လမြိုင်မြို့ရဲ့ လူစည်ကားတဲ့ အဓိက လမ်းမကြီးတွေဖြစ်တဲ့ ကမ်းနားလမ်း၊အောက်လမ်းမကြီးနဲ့ ဗဟိုလမ်းတွေမှာ ရေပတ်ကစားတာနဲ့ လည်ပတ်တာတွေ မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေတာပါ။

သင်္ကြန်အကျနေ့ မော်လမြိုင်မြို့ အခြေအနေနဲ့ ပတ်သက်ပြီး မြို့ခံ တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ကမ်းနားလမ်းတောက်လျှောက်ကတော့ ပုံမှန်အလုပ်ပိတ်ရက်လိုပဲ၊ ဘာမှမရှိဘူး။ အရင်နှစ် နှစ်ကဆိုရင်တော့ မဏ္ဍပ်တွေက ကမ်းနားလမ်းအပြည့်ပါပဲ။အခုက လုံးလုံးကို မရှိဘူး။မြို့ထဲမှာ အိုရှင်းဘက်ခြမ်းတို့ မောင်ငံဘက်ခြမ်းတို့ အဲဒီဘက်ခြမ်းမှာလည်း ဘာမှ မရှိပါဘူး။ဘယ်သူမှလည်း မဏ္ဍပ်တွေ မဆောက်ထားကြဘူး။အဲဒီတော့ မဏ္ဍပ်တွေမရှိတဲ့အတွက် လည်တဲ့သူတွေကလည်း ရှိမှာ မဟုတ်လောက်ဘူး”လို့ သူက ဆိုပါတယ်။



မွန်ပြည်နယ် စစ်ကောင်စီကတော့ သင်္ကြန်ပွဲတော်ကို စည်းကားဖို့အတွက် မော်လမြိုင် ဗဟိုမဏ္ဍပ်ကိုတော့ သင်္ကြန်အကြိုနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီဗဟိုမဏ္ဍပ်မှာတော့ စစ်ကောင်စီခန့် ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စစ်ကောင်စီ ထောက်ခံသူတချို့ ရေပက်ကစားတာနဲ့ ဖျော်ဖြေတွေ ရှိပေမယ့် ပြည်သူတွေ မသွားကြဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

မော်လမြိုင်သင်္ကြန်ဟာ သင်္ကြန်အကျနေ့ကစပြီး မြို့တွင်းနှင့်အတူ နီးစပ်ရာမြို့တွေဆီ လည်ပတ်ပြီး ရေပက်ကစားလေ့ ရှိပေမယ့် ဒီနှစ်မှာတော့ ပြည်သူတွေ ရေကစားတာ မလုပ်ဘဲ စစ်ကောင်စီကို သပိတ်မှောက်ကာ တော်လှန်သင်္ကြန် ဆင်နွှဲနေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်းက တော်လှန်ရေးအင်းစုတွေနဲ့ ကျောင်းသားသမဂ္ဂတွေက စစ်ကောင်စီဦးစီးကျင်းပတဲ့ သင်္ကြန်ပွဲမှာ ဝင်ရောက်ဆင်နွှဲတာ မပြုလုပ်ကြဖို့နဲ့ တော်လှန်သင်္ကြန်မှာ ပူးပေါင်းပါဝင်ပေးဖို့ သင်္ကြန်မတိုင်ခင် ကာလကတည်းက တိုက်တွန်းခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.