မော်လမြိုင် ၊ ဧပြီ (၉)

စစ်ကောင်စီနဲ့ အပေါင်းအပါ နိုင်ငံရေးပါတီအစုအဖွဲ့တို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ဖို့ သဘောတူညီမှုဟာ တရားမဝင်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ကိုက်ညီမှု မရှိဘူးလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းကော်မတီ (NSPNC) နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီ အစုအဖွဲ့တို့က ဧပြီလ ၆ ရက်နေ့မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပုဒ်မ ၂၆၁ ဟာ နိုင်ငံတော်သမ္မတက တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို ခန့်အပ်ထားတယ်ဆိုတဲ့ ပြဌာန်းချက် ဖြစ်ပါတယ်။

လွှတ်တော် မပါဝင်ဘဲ စစ်ကောင်စီနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့မရသလို အခုလို လုပ်ပိုင်ခွင့်လည်း မရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန်လိုက်ပါတယ်။



“အခုချိန်မှာ လွှတ်တော်လည်း မရှိ။အစိုးရအဖွဲ့လည်း ပီပီသသ မရှိတဲ့အနေအထားအောက်မှာ အမိန့်ဥပဒေတွေ ထုတ်ပြန်ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်နေတာဟာ တရားမဝင်ဘူး။ လုပ်ခွင့်လည်း မရှိပါဘူး။ဒါပေမယ့် လုပ်နေတာပါပဲ”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုပြီး ဥပဒေတွေကို ထုတ်ပြန် ပြင်ဆင်နေတာဟာ တရားဝင်မှု မရှိသလို ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို လိုက်နာနေတာ မဟုတ်ဘူးလို့ ဦသန်းစိုးနိုင်က ပြောပါတယ်။

စစ်ကောင်စီခန့် (UPDJC) နိုင်ငံရေးပါတီ အစုအဖွဲ့ ခေါင်းဆောင် စိုင်းအိုက်ပေါင်းကတော့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ သဘောတူညီချက်ရရှိထားတဲ့ NCA စာချုပ် ပုဒ်မ ၂၂ (ဃ) မှာ ငြိမ်းချမ်းရေးညီလာခံကနေ အခြေခံဥပဒေအပါအဝင် ဘယ်ဥပ‌ဒေမဆို ပယ်ဖျက်နိုင်သလို ပြင်ဆင်ဖြည့်စွက်နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လွှတ်တော် ရှိသည်ဖြစ်စေ၊ မရှိသည်စေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ဖို့ သဘောတူညီချက်ဟာ လာမယ့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲပြီးနောက် လွှတ်တော်မှာ အတည်ပြုလိုက်ရင် ဥပဒေ အတည်ဖြစ်သွားမယ်လို့ ဆိုပါတယ်။

“လွှတ်တော်ရှိရှိ၊ မရှိရှိ အဲဒီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက (NCAS-EAO) တိုင်းရင်းသားရယ်၊ နိုင်ငံရေးပါတီအစုအဖွဲ့ရယ်၊ အစိုးရရယ်၊တပ်မတော်ရယ်။အဲဒီ သဘောတူညီချက် ရထားပြီဆိုလို့ရှိရင် လာမယ့် ၂၀၂၃ ရွေးကောက်ပွဲမှာ ပေါ်လာမယ့် လွှတ်တော်မှာ အတည်ပြုလိုက်တာနဲ့ ဥပ‌ဒေဖြစ်သွားမယ်” လို့ (UPDJC) နိုင်ငံရေးပါတီ အစုအဖွဲ့ ခေါင်းဆောင် စိုင်းအိုက်ပေါင်းက ဆိုပါတယ်။

အဲဒီ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်၊ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာ တပ်မတော်သားကိုယ်စားလှယ်တွေက အဆိုတင်သွင်းခဲ့ပေမယ့် NLD အမတ်တွေ ကန့်ကွက်ခဲ့တာကြောင့် အောင်မြင်မှု မရရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.