မော်လမြိုင် ၊ ဧပြီ (၈)
မွန်ပြည်နယ် စစ်ကောင်စီက ကျင်းမယ့် သင်္ကြန်ပွဲတော်မှာ ပြည်သူတွေအနေနဲ့ ပါဝင်ဆင်နွှဲတာတွေ မလုပ်ကြဖို့ မွန်တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။
မွန်ပြည်နယ် စစ်ကောင်စီဟာ အခုနှစ်မှာ ကျရောက်မယ့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် မော်လမြိုင်မှာ မဟိုမဏ္ဍပ်တည်ဆောက်နေသလို မြို့နယ်အလိုက်မှာလည်း ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။
သင်္ကြန်ပွဲတော် စည်ကားဖို့အတွက် ဌာနဆိုင်ရာရုံးတွေ၊ဒေသတွင်း တိုင်းရင်းသား ကိုယ်စားပြုအဖွဲ့တွေ၊မြို့နယ်အလိုက် ကိုယ်စားပြုအဖွဲ့တွေအပါအဝင် အမျိုးသမီးရေးရာ အဖွဲ့အစည်းတွေအနေနဲ့ တစ်ဖွဲ့ကို ယိမ်းတစ်ဖွဲ့နှုန်း မဖြစ်မနေထွက်ပေးကြဖို့လည်း စစ်ကောင်စီက ညွှန်ကြားထားပါတယ်။
အခုနှစ်မှာ ကျရောက်မယ့် မဟာသင်္ကြန်ဟာ တော်လှန်ရေး ကာလဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီက ကျင်းပပေးတဲ့ သင်္ကြန်ပွဲတော်မှာ မပါဝင်ကြဖို့ မွန်သထုံအထူးကာကွယ်ရေးအဖွဲ့ (MTHSF) တာဝန်ခံ စောကတုံးက တိုက်တွန်းလိုက်ပါတယ်။
“ ပြည်သူလူထုတွေကို စစ်ကောင်စီရဲ့ ရေကစားမဏ္ဍပ်၊စစ်ကောင်စီက စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်လုပ်တဲ့ လုပ်ရပ်တွေကို မပါဝင်၊ မဆင်နွှဲဖို့တော့ ကျွန်တော် အတတ်နိုင်ဆုံး တိုက်တွန်းချင်တယ်။ဘာလို့ဆို တော်လှန်ရေးကာလမှာ တောထဲမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ လည်း ရှိတယ်။သူတို့လည်း ပျော်ချင် ပါးချင်ကြမှာပဲ။ဒါပေမယ့် တော်လှန်ရေးလုပ်နေတဲ့ ကာလတစ်လျှောက် ဒီလိုမျိုး အပျော်အပါးတွေကို မဆော့နိုင်ဘူးဖြစ်နေတယ်”လို့ ဆိုပါတယ်။
မွန်ပြည်နယ် စစ်ကောင်စီကတော့ ဒီနှစ်ကျရောက်မယ့် မဟာသင်္ကြန်ပွဲတော် စည်ကားဖို့အတွက် သက်ကြီးပူဇော်ပွဲတွေ၊ဇီဝိတဒါန ငါးလွှတ်ပွဲတွေနဲ့ စတုဒီသာကျွေးမွေးတဲ့ အစီအစဉ်တွေလည်း ထည့်သွင်းကျင်းပသွားဖို့ စီစဥ်ထားပါတယ်။
ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF) တာဝန်ခံ ဗိုလ်ရန်နိုင်ကတော့ အခုကာလဟာ စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် ကြိုးပမ်းနေရတဲ့အချိန် ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ သင်္ကြန်ပွဲတော်မှာ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
“သူတို့ (စကစ) ဒေါက်တိုင်အားလုံးကို တတ်နိုင်တဲ့ဘက်က ဒေါက်တိုင်တွေ လျော့ပါးသွားအောင် တိုက်ခိုက်နေတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့နဲ့ (စကစ) ပူးပေါင်းပြီးတော့ ဒီသင်္ကြန်မှာ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ပါနဲ့ပေါ့”လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ကောင်စီကတော့ တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီး တိုင်းပြည် အေးချမ်းသာယာနေကြောင်း နိုင်ငံတကာကို လိမ်လည် ချပြဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနှစ်မှာ ကျရောက်တဲ့ သင်္ကြန်ပွဲတော်မှာ ပြည်သူတွေအနေနဲ့ တော်လှန် သင်္ကြန် ဆက်လက် ဆင်နွှဲပေးဖို့ သပိတ်အင်အားစုတွေလည်း တိုက်တွန်းထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်