????????????????????????????????????

မော်လမြိုင် ၊ ဇန်နဝါရီ (၂၉)

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်းအဆမတန် မြင့်တက်လာတဲ့အတွက်ကြောင့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံစိုက်ပျိုးသူတွေ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ စိုက်ပျိုးထုတ်လုပ်နေသူတွေက ပြောပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံစိုက်ပျိုးသူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ကုန်ပစ္စည်းဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ရာသီဥတုဖောက်ပြန်မှုကြောင့် အထွက်နည်းလို့ အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အဓိက အသုံးပြုနေတဲ့ သွင်းအားစု ဓာတ်မြေသြဇာဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်နီးပါးကာလအတွင်းမှာ တစ်အိတ်ကို ကျပ် ၂၀၀၀၀ ကျော်ကနေ ကျပ် ၉၀၀၀၀ လောက်ထိ ၄ ဆ နီးပါး ဈေးနှုန်း မြင့်တက်ခဲ့ပါတယ်။

လက်ရှိမှာတော့ သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်သူတွေဟာ ကုန်ကျစရိတ်ကြီးမြင့်မှုနဲ့အတူ သီးနှံထွက်ရှိမှု သိသိသာသာကျဆင်းလာတဲ့အတွက်ကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်နေသူ တစ်ဦးက ပြောပါတယ်။

“သစ်သီးဝလံ အခြေအနေကတော့ ဘယ်ကောင်းမလည်း ရာသီဥတု ဖောက်ပြန်တာရယ် အသီး မရှိတာရယ် မြေဩဇာတွေ ဈေးကြီးတာရယ် အလုပ်သမားခတွေ ဈေးကြီးတာရယ်ဆိုတော့ ပြန်ပြီး မထည့်တောင် မထည့် မနိုင်ကြတော့ဘူး ခြံသမားတွေက အရှုံးပေါ်တာပေါ့၊ သစ်သီးဝလံ ခြံတွေက စရိတ်နဲ့ ထွက်တာနဲ့ မမျှတော့ အရှုံးပေါ်တာပေါ့၊ နောက်ထပ် ထည့်ဖို့ကလည်း ထည့်မနိုင်တော့ဘူး၊ မြေဩဇာဆိုလို့ရှိရင် တစ်အိတ်ဆိုရင် ယိုဒယားပေါ့ ပုလဲမြေဩဇာ ဆိုလို့ရှိရင် (၃)ဆလောက်ကို တက်သွားတာ၊ ကျွန်တော်တို့ ကိုဗစ်မဖြစ်ခင်က တစ်အိတ်ကို (၂)သောင်း ကိုဗစ်ကာလမှာ (၂၃၀၀၀)လောက် ရှိတဲ့အိတ်က အခု (၉၀၀၀၀)လောက် ပေးရတယ်ခင်ဗျ၊ မထည့်လည်း မထည့်နိုင်ကြတော့ဘူး၊ ဘာကြောင့်လည်းဆို ခြံထဲက ရတဲ့ပိုက်ဆံနဲ့ ခူးစားနေတဲ့ အခြေအနေ ရောက်သွားတယ် ပြန်မထည့် နိုင်ကြတော့ဘူးပေါ့”လို့ ဆိုပါတယ်။

သစ်သီးဝလံ စိုက်ပျိုးသူတွေဟာ လျှပ်စစ်မီး မမှန်တာကြောင့် ဈေးနှုန်းကြီးမြင့်နေတဲ့ စက်သုံးဆီကို ဝယ်ယူပြီး ရေသွင်းပေးနေရလို့ စိုက်ပျိုးမှု ကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာတဲ့ အခက်အခဲကို ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် ထွက်ရှိလာတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံကလည်း ဈေးကောင်းမရတဲ့ အခြေအနေကို ကြုံတွေ့နေရပါတယ်။

ဒါကြောင့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ စိုက်ပျိုးသူတွေဟာ နောက်ပိုင်းမှာ ခြံမြေတွေကို စွန့်လွတ်ပြီး လုပ်ငန်း ပြောင်းရမယ့် အခြေအနေထိ ဖြစ်ပေါ်လာနိုင်တယ်လို့ သစ်သီးဝလံ စိုက်ပျိုး ထုတ်လုပ်သူ တစ်ဦးက ပြောပါတယ်။

“ဒီနှစ်ကတော့လည်း ကိုဗစ်ဖြစ်တာနဲ့ ရာသီဥတု ဖောက်ပြန်သွားတာနဲ့ ဆိုတော့ ဒီနှစ်ကတော့ ကျွန်တော်တို့ ခြံသမားတွေ အရှုံးနဲ့ ရင်ဆိုင်ရတယ်လေ၊ အရောင်းအဝယ် တွေလည်း မရှိဘူး၊ အသီးအနှံ နည်းသွားတယ် အသီးအနှံ ပျက်စီးတာကို မိုးစောသွားတာနဲ့ ကိုဗစ်ဖြစ်တော့ အပင်မှာ အသီးမခူးရတာနဲ့ အသီးတွေ အကြာကြီး ထားရတာနဲ့ ကြွေကျတာနဲ့ ဆိုတော့ အဲ့လိုမျိုး အရှုံးတွေရှိတာပေါ့နော်၊ ကျွန်တော်တို့ အနေနဲ့ ကတော့ ဒီဥစ္စာတွေ မခံနိုင်တော့ဘူး ဆိုရင်တော့ လုပ်ငန်း ပြောင်းမှ ရတော့မှာပေါ့၊ ဒီစိုက်ပျိုးမြေတွေကို တခြားလုပ်ငန်း ပြန်လုပ်မှ ရတော့မှာပေါ့၊ မိရိုးဖလာ စိုက်ပျိုးရေးကို လုပ်လို့ မရတော့ဘူးပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ စိုက်ပျိုးသူတွေဟာ ထွက်ရှိလာတဲ့ ကုန်ပစ္စည်းတွေ ဈေးကောင်းမရတဲ့အပြင် သယ်ပို့ဆောင်ရေး စရိတ် ပိုမိုကုန်ကျနေတဲ့အတွက်ကြောင့် စိုက်ပျိုးထုတ်လုပ်မှု ထက်ဝက် နီးပါး လျော့ချလာကြတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ သစ်သီးဝလံ စိုက်ပျိုးမှု အနေနဲ့ ကျွဲကော၊ ဒူးရင်၊ ကြက်မောက်နဲ့ မင်းဂွတ်ကို အဓိက စိုက်ပျိုးကြတာ ဖြစ်ပြီး ဟင်းသီးဟင်းရွက်တွေမှာတော ပန်းဖူး၊ဂေါ်ဖီ၊ပြောင်း၊ မုန်လာဥ၊ ငရုတ်နဲ့ ရုံပတေသီးတို့ကို စိုက်ပျိုးထုတ်လုပ်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.