မော်လမြိုင် ၊ ဒီဇင်ဘာ (၂၅)

 မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ဆန်သစ်ပေါ်တဲ့ ကာလမှာပဲ ဆန်ဈေးနှုန်း မြင့်တက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

အရင်နှစ်တွေက ဆန်သစ်ပေါ်တဲ့ကာလတွေမှာ ဆန်ဈေးနှုန်း ကျဆင်းခဲ့ပေမယ့် ဒီနှစ်မှာ ဈေးနှုန်း ဆက်လက် မြင့်တက်လာတာ ဖြစ်ပါတယ်။

ဆန်ဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ပထမအပတ်မှာ ပေါ်ဆန်း တစ်အိတ် ကျပ် ၃၅၀၀၀ သာ ရှိခဲ့ရာမှ ဒီဇင်ဘာ တတိယအပတ်မှာ တစ်အိတ် ကျပ် ၃၉၀၀၀ ထိ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

ဧည့်မထ ဆန်တစ်အိတ်မှာလည်း ကျပ် ၂၄၀၀၀ ကနေ ၂၆၀၀၀ ထိ ဈေးနှုန်းမြင့်တက်လာပါတယ်။

ဆန်ဈေးနှုန်းဟာ အခုနှစ် စပါးအထွက်နှုန်း လျော့ကျတာ ၊ သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက် လာတဲ့အတွက်ကြောင့် ဈေးနှုန်း မြင့်တက်လာတာလို့ ဆန်ကုန်သည် တစ်ဦးက ပြောပါတယ်။

 “ဆန်ဈေးကတော့ နည်းနည်းတော့ တက်တယ်ဗျ အခုက ဆန်သစ်က ပေါ်တာပေါ့ဗျာ၊ ဆန်သစ်ကတော့ ပုံမှန်ကတော့ ဒီအချိန် ဆိုရင်တော့ ဆန်သစ်ထွက်တဲ့ အချိန်ဟာ အရင်ပုံမှန် နှစ်တွေကတော့ ဒီဈေး မရောက်ဘူးပေါ့၊ ဒီဈေး မဖြစ်နိုင်သေးဘူး၊ အခုဟာက ဒီနှစ်က ကျွန်တော်တို့က ပြီးခဲ့တဲ့ စပါးစိုက်တဲ့ ရာသီမှာ ဒီနှစ် မွန်ပြည်နယ်ရဲ့ စပါးအထွက် ကလည်း ဖလံဖြူပိုး နည်းနည်း ကျတာရယ် နောက်တခါ မိုးလေး နည်းနည်း များလိုက်တဲ့ အပေါ်မှာ အထွက်တော့ နည်းနည်း လျော့တယ် အများကြီးတော့ မဟုတ်ပါဘူး၊ နည်းနည်း လျော့တယ်၊ လျော့တဲ့ အပေါ်မှာလည်း ပါတာပေါ့ဗျာ၊ နောက်တစ်ခါ ကျတော့ အခြေအနေ အရပ်ရပ် တခြား အခြေအနေ တွေတော့ အများကြီးပေါဗျာ အဲ့ဒီ အပေါ်မှာတော့ စပါးဈေးကတော့ မာတာပေါ့”လို့ ဆိုပါတယ်။

ဒါကြောင့် ဒီအခြေအနေအတိုင်းသာ ဆက်လက် ရင်ဆိုင်နေရမယ်ဆိုရင် ဆန်ဈေးနှုန်း ထပ်တက်လာဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဆန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့ အတွက် အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ အခြေခံ လူတန်းစား လက်လုပ်လက်စား သမားတွေ အနေနဲ့ စားရေးသောက်ရေး ပိုပြီး ခက်ခဲ ရှိလာကြတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်ဟာ စပါး စိုက်ဧက ၇ သိန်း နီးပါးရှိနေတဲ့ ပြည်နယ် တစ်ခု ဖြစ်ပြီး၊ နှစ်စဉ် စပါးတင်းပေါင်း သိန်း ၄၃၀ ထွက်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.