မော်လမြိုင် ၊ ဒီဇင်ဘာ (၂၅)

 အာဏာသိမ်း စစ်ကောင်စီဟာ ဒီဇင်ဘာလ (၂၃)ရက်နေ့ညမှာ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၆)ရှိ လေးကေကော်မြို့သစ်နဲ့ ထီးမယ်ဝါးခီးဒေသတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့အချက်ပေါင်းများစွာ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးထားတဲ့ နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာဟာ အင်မတန် ဆိုးဝါးတဲ့ လုပ်ရပ် ဖြစ်တယ်လို့ KNU က တုန့်ပြန်ပါတယ်။

ဒါကြောင့် ဒီလို စစ်ကောင်စီရဲ့လုပ်ရပ်မျိုး နောက်ထပ်မဖြစ်ပေါ်စေဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။

“ စစ်ကောင်စီကတော့ သူတို့တွေ့ရာ မြင်ရာ မဲမဲကို ပစ်တာပဲ။ စစ်ဘက်ဆိုင်ရာ ပစ်မှတ်ကို အဓိက မထားတော့ အရပ်သားတွေကို ထိကုန်တယ်ဆိုတာ ပြီးခဲ့တဲ့ ဖြစ်စဥ်တွေက သက်သေပါပဲ။အခုလည်း စနေပါပြီး တပ်မဟာ(၆)နယ်မြေ လေးကေကော်မှာ နောက်ဆက်တွဲတွေက အများကြီးထပ်ဖြစ်လာအုံးမယ်။ဒီလို ဖြစ်ရပ်မျိုးတွေ နောက်ထပ်ဆက်တိုက် မဖြစ်ပေါ်စေဖို့အတွက်  မြန်မြန်ဆန်ဆန် အရေးယူဖို့က လိုအပ်နေပြီးလို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီဟာ ဆိုးဝါးပြင်းထန်တဲ့ လူသတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်စေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လေးကေကော်ဒေသမှာ အချိန်မရွေးပြုလုပ်လာနိုင်တဲ့အတွက် UN အနေနဲ့ အရေးအပေါ်အစည်းအဝေးကျင်းပပြီး လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ပေးဖို့ KNU က တောင်းဆိုထားတာ ဖြစ်ပါတယ်။

 စစ်ရှောင်အရေးကူညီနေတဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ် ကတော့ နိုင်ငံတကာအနေနဲ့ လူသားမျိုးနွယ်တွေအပေါ် အကြမ်းဖက်လာတဲ့ စစ်ကောင်စီကို သံတမန်ရေး အပါအဝင် စစ်ကောင်စီရဲ့လက်နက်ရနိုင်တဲ့နေရာကို ဖြတ်တောက်ပစ်နိုင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ အဓိကတော့ သူတိုလက်နက် ဝယ်လို့ရနိုင်တဲ့နေရာ လက်နက်ရနိုင်တဲ့နေရာကို ဖြတ်တောက်ပစ်ဖို့ လိုအပ်တယ်။အဲ့လိုမဟုတ်ရင် ဒီမိုကရေစီရဖို့ တော်လှန်နေသူတွေနဲ့ တိုင်းရင်းသားပြည်သူတွေမှာ ဆက်လက် ညှင်းပန်းခံနေရမှာ”လို့ ဆိုပါတယ်။

ဒီဇင်ဘာလ (၂၃)ရက်နေ့ည လေးကေကော်ကို စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် ၂၀၀ ကျော်ဟာ ထိုင်းဘက်ခြမ်းကို ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

 လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် လေးကေကော်မြို့သစ်နဲ့ အနီးအနားကျေးရွာက ပြည်သူ ၁၀၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံနဲ့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.