နယူးဒေလီ၊ ဒီဇင်ဘာ ၁

အိန္ဒိယအစိုးရမှ စင်ကာပူနိုင်ငံနှင့် အခြားသော စီးပွားရေးအရ အင်အားကောင်းသည့် နိုင်ငံ ၁၂ နိုင်ငံမှ လာ ရောက်ကြမည့် ခရီးသွားဧည့်သည်များအတွက် ၇ ရက်ကြာ Home ကွာရန်တင်းအစီအစဥ်ကို ဒီဇင်ဘာ လ ၁ ရက်နေ့မှ စတင်၍ ပြန်လည်သတ်မှတ်ထားမည်။ 

တောင်အာဖရိကတွင် ပထမဦးဆုံး စမ်းသပ်တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် မျိုးကွဲဆိုင်ရာ အရေးပေါ်အခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ချိန်တွင် အဆိုပါကန့်သတ်ထိန်းချုပ် ခြင်းများကို အိန္ဒိယအစိုးရမှ ပြန်လည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။  

အိန္ဒိယနိုင်ငံအာဏာပိုင်များမှ ထိုကဲ့သို့ စီးပွားရေးအရ အင်အားကောင်းသည့် နိုင်ငံ ၁၂ နိုင်ငံကို “At Risk” (အန္တရာယ်ဖြစ်နိုင်ချေရှိသော) ဟူ၍ အမျိုးအစားခွဲခြားထားသည်။ စင်ကာပူနိုင်ငံအပြင် အဆိုပါ ကန့် သတ်နိုင်ငံများထဲတွင် အင်္ဂလန်၊ တောင်အာဖရိက၊ ဘရာဇီးလ်၊ ဘင်္ဂလားဒေ့ရှ်၊ အစ္စရေးနှင့် ဟောင် ကောင်နိုင်ငံများ ပါဝင်သည်။ 

အစိုးရအဖွဲ့ထုတ်ပြန်ချက်တွင် “At-risk နိုင်ငံများမှ လာရောက်သည့် သို့မဟုတ် ဖြတ်သန်းလာသည့် ခရီးသည်များကို ဆိုက်ရောက်ချိန်လွန် စမ်းသပ်မှုများဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ လေကြောင်း လိုင်းများမှ အကြောင်းကြားရမည်ဖြစ်သည်။ အဆိုပါခရီးသည်များကို စမ်းသပ်စစ်ဆေးပြီး ရောဂါ မရှိလျှင် ကွာရန်တင်း ထားရှိကာ၊ ရောဂါတွေ့ရှိပါက အထူးတင်းကြပ်သော သီးခြားနေထိုင်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်သွားမည်”ဟု ပါရှိသည်။ 

“At-risk” နိုင်ငံများမှ လာရောက်ကြမည့် ခရီးသွားဧည့်သည်များအနေဖြင့် လေဆိပ်၌ ကိုဗစ် ၁၉ စစ်ဆေးစရိတ်ကို ပေးဆောင်ရန်လိုအပ်ပြီး ဆေးစစ်အဖြေကို တပါတည်း စောင့်ဆိုင်းရမည်။  

ရောဂါပိုးမတွေ့ရှိသော ခရီးသွားဧည့်သည်များအနေဖြင့် Home ကွာရန်တင်း ၇ ရက် နေထိုင်ရန် လိုအပ် ပြီး နောက်ထပ် ၇ ရက်ကို ကိုယ်ထူကိုယ်ထ စောင့်ကြည့်ရမည်။ ထို့အပြင် ဆိုက်ရောက်ပြီး ၈ ရက် မြောက်အကြာတွင် နောက်ထပ်စစ်ဆေးမှုကို ခံယူရမည်ဖြစ်သည်။ 

ရောဂါပိုးတွေ့ရှိသော ဖြစ်စဥ်များကို ကူးစက်ခံရသည့် မျိုးကွဲ သတ်မှတ်နိုင်ရန်အတွက် စစ်ဆေးမှုများ လုပ်ဆောင်နိုင်ရန် ဆက်လက်ပေးပို့သွားမည်။  

လွန်ခဲ့သော တနင်္လာနေ့ ညနေခင်းပိုင်း အိန္ဒိယနှင့် စင်ကာပူနှစ်နိုင်ငံအကြား ထုတ်ပြန်ခဲ့သော နှစ်နိုင်ငံ လေကြောင်းဆင်းသက်ရေး ဆေးထိုးပြီးခရီးသွားခြင်းအစီအစဥ်ကို ကြေငြာအပြီး ခဏတာအတွင်း အဆိုပါကန့်သတ်ချက်များကို ဗုဒ္ဓဟူးနေ့က အလျင်အမြန်ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

ဆေးထိုးပြီးခရီးသွားခြင်းအစီအစဥ်ကို သဘောတူထားသည့် နိုင်ငံများမှ လာရောက်ကြမည့် ကာကွယ် ဆေးအပြည့်အဝထိုးနှံထားသော ခရီးသွားများအနေဖြင့် စင်ကာပူနိုင်ငံသို့ ဝင်ရောက်ရာတွင် ကွာရန် တင်းဝင်ရန် မလိုအပ်ပဲ ကိုဗစ် ၁၉ စစ်ဆေးရန်သာ လိုအပ်ခြင်းဖြစ်သည်။ 

ယနေ့ထိတိုင် စင်ကာပူနိုင်ငံသည် Omicron မျိုးကွဲကြောင့် ဖြစ်ပေါ်ရသော ကူးစက်မှုဖြစ်စဥ် တစုံတရာ ကို မျှ ဖော်ထုတ်တွေ့ရှိခြင်းမရှိသေးပါ။ 

အိန္ဒိယအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ကျန်းမာရေးနှင့် မိသားစုဖူလှုံရေး ဝန်ကြီးဌာနအနေဖြင့် တနင်္ဂနွေနေ့က ကန်သတ်ချက်အသစ်များကို ထုတ်ပြန်ပြီး နောက်ဆက်တွဲတွင် ဝန်ကြီးချုပ်မိုဒီနှင့် အရေးပေါ်အခြေအနေကို သုံးသပ်နိုင်ရန် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်ဟု ပါရှိသည်။ 

အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံတကာခရီးသွားများကို ပြန်လည်ဖွင့်လှစ်ဖို့ ဦးတည်ဆောက်ရွက်နေချိန်တွင် မှ  လမ်းညွှန်ချက်အသစ်များ ပေါ်ထွက်လာခြင်းဖြစ်သည်။ ထို့အပြင် အစိုးရအဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်၍ နိုင်ငံတကာလေကြောင်းခရီးစဥ်များကို ပြန်လည်စတင်နိုင်ရန် ဆုံးဖြတ်ချက်ကို ယခုအခါ ပြန်လည်သုံးသပ်နေသည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.