မော်လမြိုင် ၊ နိုဝင်ဘာ (၃၀)

စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစုကုန်စည်တွေ ဈေးနှုန်းကြီးမြင့်နေတဲ့အတွက်ကြောင့် အခုနှစ် နွေစပါး စိုက်ပျိုးဖို့ အခက်အခဲ ရှိနေကြတယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။

 တောင်သူလယ်သမားတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာ့ ငွေကြေးတန်ဖိုး ကျဆင်းမှုနဲ့ အတူ ပြည်ပကနေ တင်သွင်းနေရတဲ့ ဓာတ်မြေဩဇာနဲ့ စက်သုံးဆီဈေးနှုန်း ၂ ဆကျော် မြင့်တက်လာတဲ့ ပြဿနာကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

 ဒါကြောင့် ဒီနှစ်မှာ နွေစပါး စိုက်ပျိုးဖို့ စဉ်းစရာနေရသလို စိုက်ပျိုးပြီးနောက် အရှုံးနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်နေရတယ်လို့ တောင်သူသလယ်သမား တစ်ဦးက အခုလို ပြောပါတယ်။

“နွေစပါး စိုက်ပျိုးဖို့အတွက်က အခက်အခဲ ရှိတာပေါ့၊ ရေတင်စနစ်နဲ့ စိုက်ပျိုးရတာ အဲ့လို ဆီဈေးနှုန်း ဈေးကြီးမယ် ဓာတ်မြေဩဇာ ဈေးကြီးမယ် ဆိုရင် တစ်ဧက ဘာမှမကျန်ဘူး လယ်သမားတွေက တစ်ဧကကို တချို့ လယ်သမားတွေ ဆိုရင် တစ်ဧကကို အနည်းဆုံး မြေသြဇာ (၅)အိတ် သုံးတယ်၊ တချို့ လယ်သမားတွေ ဆိုရင် (၆)အိတ်သုံးတယ်၊ အဲ့ဒီလောက် သုံးမှ စပါးက တင်း (၁၀၀)၊ (၁၀၀)ကျော်ကျော်လေး ထွက်တယ်၊ တကယ်လို့ ဓာတ်မြေဩဇာ ဈေးမြင့်လို့ လျော့သုံးမယ် ဆိုရင် စပါးက အထွက်နှုန်း ကျသွားမယ် ဆိုရင် အရှုံးပေါ်မှာ”လို့ ဆိုပါတယ်။

ဓာတ်မြေသြဇာဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီး တစ်အိတ်ကို ကျပ် ၃၀၀၀၀ ကနေ ကျပ် ၆၀၀၀၀ ကျော်ထိ ဈေးနှုန်း ခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် နွေစပါး စိုက်ပျိုးရာမှာ မဖြစ်မနေ အသုံးပြုနေရတဲ့ စက်သုံးဆီ ဈေးနှုန်းကလည်း တစ်ပီပါကို ကျပ် ၁ သိန်းခွဲကနေ ကျပ် ၃ သိန်းလောက်အထိ ဈေးနှုန်း မြင့်တက်နေတာ ဖြစ်ပါတယ်။

ဒါကြောင့်  အခုနွေစပါး စိုက်ပျိုး ဖို့အတွက် ကုန်ကျစရိတ် ကြီးမြင့်နေတာကြောင့် တောင်သူတချို့ က နွေစပါး လျော့စိုက်ဖို့ ပြင်ဆင်နေသလို တချို့တောင်သူတွေကတော့ တစ်ရာသီ ရပ်နားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

 မွန်ပြည်နယ်မှာတော့ နွေစပါးကို ဘီးလင်း၊ ပေါင်နဲ့ သထုံမြို့နယ်တို့မှာ အဓိက စိုက်ပျိုးနေတာ ဖြစ်ပြီး၊ နှစ်စဉ် နွေစပါးဧက ၂ သောင်းကျော် စိုက်ပျိုးနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.