မော်လမြိုင် ၊ နိုဝင်ဘာ (၂၈)

အာဏာသိမ်း စစ်ကောင်စီက ကျောင်းပြန်ဖွင့်ပြီး ကာလတိုအတွင်း စာမေးပွဲ ကျင်းပမယ့်အပေါ် ဆရာ၊ဆရာမနဲ့ ကျောင်းသားမိဘတွေ ဝေဖန်လိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အခြေခံပညာကျောင်းတွေရဲ့ အတန်းအလိုက် စာမေးပွဲတွေကို မတ်လအတွင်း ကျင်းပသွားမှာ ဖြစ်ပြီး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကိုတော့ ဧပြီလ သင်္ကြန်မတိုင်ခင် ကျင်းပသွားမယ်လို့ နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

စာသင်နှစ် တစ်နှစ်ကို စာသင်ချိန် ၁၀ လ သတ်မှတ်ထားတဲ့ မြန်မာ့ပညာရေးစနစ်မှာတော့ စစ်ကောင်စီက စာသင်ချိန် ၆ လအတွင်း အတန်းတင် စာမေးပွဲတွေ ကျင်းပဖို့ စီစဉ်တာဟာ ကျောင်းသူကျောင်းသားတွေအတွက် ပညာရည် ပြည့်ဝလာမှာ မဟုတ်ဘူးလို့ ဆရာ၊ဆရာမတွေက အခုလို ဝေဖန်လိုက်ပါတယ်။

 “ကျမတို့ အရင်ကဆိုရင် ပညာသင်နှစ်ကို (၁၀)လ သက်မှတ် ထားပါတယ်၊ သူရဲ့ သင်ရိုးညွှန်းတန်း အလိုက်ပေါ့၊ တစ်လချင်းစီ လပိုင်း မာတိကာနဲ့ (၁၀)လ သတ်မှတ်ထားတဲ့ အချိန်မှာ အခုလို ကာလတိုလေနဲ့ ဆိုတော့ ကလေးတွေ အတွက်လည်း မထိရောက်ဘူး၊ နောက်ပြီးတော့ ဝန်ထမ်းအင်အားကလည်း မလုံလောက်ဘူးလေ၊ အစားထိုးပြီးတော့ ခန့်ထားတဲ့ စစ်ကောင်စီရဲ့ အခေါ်ပေါ့ ဆရာ ဆရာမတွေက သူတို့ကရော သင်တန်း စနစ်တကျ ပေးထားတာ မဟုတ်ပဲနဲ့ ပညာအရည်အချင်းတို့ ပြည်ဝတာ မဟုတ်ပဲနဲ့ သူတို့သင်တဲ့ အချိန်မှာ သင်ယူတဲ့ ကလေးတွေ အနေနဲ့ရော မပြည့်ဝဘူးလို့ ထင်ပါတယ်၊ သူတို့အတွက် လုံလောက်တဲ့ သင်ကြားပြသမှုမျိုး မရရှိနိုင်ဘူးလို့ ထင်ပါတယ်၊ နောက်ပြီးတော့ ကာလတိုလည်း ဖြစ်တဲ့အတွက် ဒီနှစ်အတွက် ကလေးတွေ အတွက်ကတော့ ရင်လေးစရာပါပဲ”လို့ ဆရာမ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကျောင်းဖွင့်ချိန် နောက်ကျပြီး စာသင်ချိန် မရှိတာကြောင့် ကျောင်းသား ကျောင်းသူတွေ အနေနဲ့ သင်ခန်းစာတွေကို အပြည့်အဝ သင်ကြားခွင့် မရသလို တက်မြောက်မှု အပိုင်းမှာလည်း ထိခိုက်တွေ ရှိလာနိုင်တယ်လို့ ဆရာ၊ဆရာမတွေက ပြောပါတယ်။

စာသင်ချိန် အပြည့်အဝ မရှိဘဲ အတန်းတင် စာမေးပွဲ ကျင်းပတာဟာ ကျောင်းသား ကျောင်းသူတွေ အနေနဲ့ အတန်းသာ အောင်ပြီး ဘာမှ အကျိုးရှိလာမှာ မဟုတ်ဘူးလို့ ကျောင်းသား မိဘတစ်ဦးက အခုလို ပြောပါတယ်။

“ကျွန်တော်တို့ နိုင်ငံမှာက ဒီလိုပဲလေ စစ်အာဏာသိမ်းတဲ့ အကြိမ်ပေါင်းလည်း များလာပြီး၊ စစ်အာဏာ အကြိမ်ကြိမ် သိမ်းတယ် ပညာတွေ အကြိမ်ကြိမ် မဲ့ခဲ့လို့ပဲ ကျွန်တော်တို့ နိုင်ငံဒီလို ပညာမဲ့ ဖြစ်နေတာ သူအတန်း အောင်ပေးမယ် ဆိုလို့ရှိရင် ပညာမဲ့တဲ့ ပညာရေးပဲ ရမှာပေါ့၊ အတန်းပဲ အောင်ပြီး အသက်ပဲ ကြီးလာမှာ ဘာမှ ဗဟုသုတ ရှိပြီးတော့ အသုံးဝင်လာမှာ မဟုတ်တာ နိုင်ငံအတွက်လည်း အကျိူးမပြုဘူး၊ သူ့အတွက် အကျိုးပြုအောင်ပဲ သူလုပ်တာပဲ၊ နောက်ဆုံး ကျောင်းသားတွေ အတန်းတက်တယ်၊ အောင်ပေးတယ် ဒါပဲရှိမှာ ဒီအခွင့်အရေး တစ်ခုပဲ သူလုပ်ပေးနိုင်တာ ပြည်သူအတွက်လည်း ဘာမှ အကျိုးမရှိဘူး ကျောင်းသား အတွက်လည်း အကျိူးမရှိဘူး” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ဇွန်လမှာ ကျောင်းတွေကို မရမက ပြန်လည် ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် ဇူလိုင်လမှာပဲ ပြန်လည် ပိတ်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

 အဲဒီနောက်မှာတော့ နိုဝင်ဘာ ၁ ရက်နေ့မှာ ကျောင်းတွေ ပြန်ဖွင့်ခဲ့ပြီး၊ မတ်လနဲ့ ဧပြီလမှာ အတန်း စာမေးပွဲ ကျင်းပဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေကို တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူကျောင်းသား ၁၅၀၀၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.