မော်လမြိုင် ၊ နိုဝင်ဘာ (၂၇)

စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေ အပါအဝင် ကုန်ကြမ်းဈေးနှုန်း ကြီးမြင့်နေတဲ့အတွက်ကြောင့် မွန်ပြည်နယ်အတွင်းက အထည်လုပ်ငန်းချုပ်တွေ ပုံမှန်အတိုင်း မလည်ပတ်နိုင်ဘဲ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ အထည်ချုပ် လုပ်ငန်းရှင်တွေက ပြောပါတယ်။

 အထည်ချုပ်လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်ပက တင်သွင်းလာတဲ့ ကုန်ကြမ်း ပစ္စည်း ဈေးနှုန်း ၂ ဆ နီးပါး မြင့်တက်လာတာ နဲ့  ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် မြန်မာငွေကြေးကို ရာခိုင်နှုန်း အမျိုးမျိုးပေးပြီး လဲလှယ်နေရတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် ရှိရင်စွဲ လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည် ပတ်ဖို့ အခက်အခဲ ရှိနေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးက အခုလို ပြောပါတယ်။

“ထိခိုက်မှုတွေတော့ အများကြီးပဲ ။ လုပ်ငန်းလည်ပတ်ဖို့တော့ အတော်ခက်နေတယ်။ ပိုက်ဆံယူလည်း ရာခိုင်နှုန်း ပေးနေရတယ်။ ကုန်ကြမ်းတွေကလည်း ဒေါ်လာနဲ့ပေးရတော့ ဈေးတက်နေတယ်။ ဈေးကွက်မှာလည်း အရောင်းအဝယ် အေးနေတယ်။ ရှိရင်းစွဲအလုပ် လည်ပတ်ဖို့တောင် အများကြီး ခက်နေတယ်” လို့ ဆိုပါတယ်။

 ဒါ့အပြင် အထည်ချုပ်လုပ်ငန်းတွေဟာ နိုင်ငံရေး မတည်ငြိမ်တဲ့အတွက်ကြောင့် ထွက်ရှိလာတဲ့ ကုန်ချောပစ္စည်းတွေဟာလည်း ဈေးကွက်အတွင်း အရောင်းအဝယ် အအေးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အထည်ချုပ်လုပ်ငန်း ၄၀ ရာခိုင်နှုန်းလောက်  လုပ်ငန်းလည်ပတ်နေကြတာ ဖြစ်ပါတယ်။

 အထည်ချုပ်လုပ်ငန်းတွေ ပုံမှန်အတိုင်း လည်ပတ်နိုင်ခြင်း မရှိသေးလို့ အထည်ချုပ်လုပ်ငန်းတွေကို မှီခိုရပ်တည်နေရတဲ့ မိသားစု ထောင်နဲ့ချီပြီး စားဝတ်နေရေး အခက်အခဲ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.