မော်လမြိုင် ၊ နိုဝင်ဘာ (၄)

စစ်တပ် အာဏာသိမ်းပြီးနောက် မသန်စွမ်းသူတွေ အလုပ်အကိုင် မရှိတဲ့အတွက်ကြောင့် မိသားစု စားဝတ်နေရေး ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

 မသန်းစွမ်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးသွားတာနဲ့အတူ ဝင်ငွေ မရှိတော့တဲ့အတွက်ကြောင့် ဘဝရပ်တည်ဖို့ ပိုမို ခက်ခဲလာကြပါတယ်။

 အဲဒီအကျိုးဆက်အနေနဲ့ မိသားစုအတွင်း လူမှုရေး ပြဿနာတွေအပြင် စားဝတ်နေရေး အခက်အခဲကြောင့် အာဟာရ မပြည့်ဝတဲ့  အခြေအနေကို ရင်ဆိုင်နေရတယ်လို့ မသန်စွမ်းအရေးကူညီနေသူ တစ်ဦးက ပြောပါတယ်။

“ အခြေခံ စားဝတ်နေရေး ပြဿနာကို ရင်ဆိုင်နေရတယ်။ ဝင်ငွေ မရှိဘူး ၊  အလုပ်အကိုင် မရှိဘူး။အလုပ်ရဖို့ အခွင့်အလမ်းက အရမ်းနည်းတယ်။ စားဝတ်နေရေး ကြပ်တည်းတော့ လူမှုဒုက္ခတွေ ရောက်လာတယ်။ အဟာရတွေ မပြည့်ဝဘူး ၊ တော်ရုံတန်ရုံ ဆိုတာနဲ့ ကိုယ်ခံအားတွေ ကျသွားတယ်။ပြင်းထန်တဲ့ မသန်စွမ်းတွေဆိုရင် ဘဝရပ်တည်ဖို့ ပိုခက်ခဲလာတယ်” လို့ ဆိုပါတယ်။

မိသားစုအတွင်း စားဝတ်နေရေး ပြဿနာကြောင့် ပြင်းထန်တဲ့ မသန်စွမ်းတွေဆိုရင် ဘဝရပ်တည် နေထိုင်ဖို့ပင် အခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မသန်စွမ်းသူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် အခြေခံစားသောက်ကုန် လိုအပ်ချက်တွေ မြင့်မားလာပါတယ်။

ဒါကြောင့် မသန်စွမ်းသူတွေရဲ့ လိုအပ်ချက်တွေကို ဦးစားပေး ဆောင်ရွက်ပေးကြဖို့ မသန်စွမ်းအရေးကူညီနေသူတွေက တိုက်တွန်းပါတယ်။

မွန်ပြည်နယ်မှာတော့ မသန်စွမ်းသူ ၂၆၀၀၀၀ ကျော် ရှိနေတာ ဖြစ်ပြီး၊ နိုင်ငံအတိုင်းအတာအရ မသန်စွမ်းသူ ၂ ဒသမ ၅ သန်းကျော် ရှိနေတာ ဖြစ်ပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.