မော်လမြိုင် ၊ အောက်တိုဘာ (၁၉)

အာဏာသိမ်း စစ်ကောင်စီဟာ ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့အတွက် မွန်ပြည်နယ်အတွင်းက အသက် ၁၂ နှစ်ထက် ကျောင်းသူ၊ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီး ဖြစ်ပါတယ်။

 အသက် ၁၂ နှစ်ထက် ကျောင်းသူ၊ကျောင်းသား ၇၀၀၀၀ ကျော်ကို စုရပ်နေရာ ၁၄၀ ကျော်မှာ အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတာ ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးကိုတော့ အထက်တန်း၊ အလယ်တန်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ ပုဂ္ဂလိက စာသင်ကျောင်းတွေက ကျောင်းသူ၊ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတာပါ။

“ကလေးတွေ ကာကွယ်ဆေးထိုးပြီးတော့ ဆေးထိုးတဲ့နေရာက အောင့်သလိုတော့ ဖြစ်နေတယ်ပေါ့နော်။ တခြားဖျားနာတာတို့ ဘာတို့ မဖြစ်ဘူး” လို့ မော်လမြိုင်မြို့က ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။

 ကိုဗစ်ကာကွယ်ဆေးထိုးပေးရာမှာတော့ အခုပညာသင်နှစ်အတွင်း ကျောင်းအပ်ထားတဲ့ ကျောင်းသူကျောင်းသားတွေကိုသာ ကာကွယ်ဆေးထိုးပေးနေတာ ဖြစ်ပါတယ်။

 အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ အသက် ၁၂ နှစ်ထက် ကျောင်းသူ၊ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံမှု ပြီးစီးသွားရင် ကျောင်းတွေ ပြန်ဖွင့်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.