မော်လမြိုင် ၊ အောက်တိုဘာ (၁၉)

ကရင်ပြည်နယ်နေ့ပွဲတော်မှာ ဒုံးကပေးဖို့  စစ်ကောင်စီက လိုက်လံစည်းရုံးနေပေမယ့် လူငယ်တွေကတော့ ဒုံးကဖို့ ငြင်းဆိုနေကြပါတယ်။

လာမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာကျရောက်မယ့် (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို ပြည်နယ်စစ်ကောင်စီက ဒုံးအပါအဝင် လက်ဝှေ့ပွဲနဲ့ပြခန်းတွေပါ ထည့်သွင်းကျင်းပသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

 ဒုံးဆရာတွေကတော့ ကရင်ပြည်နယ်နေ့ပွဲတော်မှာ ဒုံးကဖို့အတွက် လူငယ်တွေကို ကျေးရွာတွေထိ ဆင်းပြီး လိုက်လံ စည်းရုံးနေရပါတယ်။

လူငယ်တွေကတော့ စစ်တပ်အာဏာသိမ်းတာနဲ့ ကိုဗစ်ကပ်ရောဂါတွေကြောင့် ဒီနှစ်မှာ ဒုံကပေးဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

“ သူတို့ပြောတာတော့ ဒါက ရိုးရာယဉ်ကျေးမှုနဲ့ပဲ ဆိုင်တာပေါ့ ၊ နိုင်ငံရေးနဲ့ မဆိုင်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ လက်မခံပါဘူး။ ဒီနှစ်က ကိုဗစ်လည်း ရှိသေးတယ် ၊ နိုင်ငံရေး အခြေအနေကလည်း ရှိသေးတော့ အားမပေးဘူးလို့။ ဒါက ရိုးရာယဉ်ကျေးမှုကို ဖျက်ဆီးလိုက်တာ မဟုတ်ပါဘူး။ ဒီနှစ်ကတော့ ဝိုင်းကူလို့ အဆင်ပြေမှာ မဟုတ်ဘူး”လို့ ဒုံးအဖွဲ့မှ ကရင်လူငယ်တစ်ဦးက ပြောပါတယ်။

ကရင်ပြည်နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အဲဒီအတွက်ကြောင့် လူငယ်တွေက ဒုံးကဖို့ ငြင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။“ ကျွန်တော်တို့ မကဘူးဆိုတာက နိုင်ငံရေးကြောင့် ပါပါတယ်။ ဒါကြောင့် ရွာမှာလည်း ဒုံးကဖို့ မသင်ကြတော့ဘူး။ ဒုံးသမားတစ်ယောက်အနေနဲ့ ဒီအချိန်မှာ မကတာ ကောင်းပါတယ်” လို့ ဒုံးကနေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

ကရင်လူငယ်တွေကတော့ ဒီနှစ်မှာ ဒုံးမကတာဟာ ရိုးရာယဉ်ကျေးမှုကို ဖျက်ဆီးတာမဟုတ်ဘဲ နိုင်ငံရေးကြောင့် ဒုံးကတာ ရပ်နားရတာလို့ ဆိုပါတယ်။

လာမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာကျရောက်မယ့် (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို အာဏာသိမ်း စစ်ခေါင်းဆောင် တက်ရောက်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.