ထားဝယ်၊ စက်တင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူ ၊ လောင်းလုံ၊ ထားဝယ်မြို့နယ်များအတွင်းရှိ တက္ကသိုလ်ကျောင်းသားကျောင်းသူများကို စစ်ကောင်စီတပ်က စက်တင်ဘာလမှာ ဆက်တိုက်ဖမ်းဆီးမှု ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို ဖမ်းဆီးရမှာ နေအိမ်ကို တိုက်ရိုက်ရှာဖွေ ဖမ်းဆီးခြင်း၊ လမ်းခရီးများမှ ဖုန်းဆိုင်ကယ်များ စစ်ဆေးမှုပြုလုပ်ကာ ပစ်မှတ်ထား ဖမ်းဆီးနေတာဖြစ်ပါတယ်။

ထိုသို့ ဖမ်းဆီးရာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခြင်း၊ တော်လှန်ရေးအင်အားစုများကို ထောက်ပံကူညီခြင်းနှင့်မိသားစုဝင်များကို လာရောက်ဖမ်းဆီးရာတွင် ဖမ်းဆီးလိုသူနေအိမ်တွင် မရှိသည်ကို အကြောင်းပြ ဖမ်းဆီးခြင်းများပါဝင်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းက ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုစိုးပြည့်အောင်နှင့်အင်္ဂစာကျောင်းသူဟောင်း မစိုးမီမီကျော်တို့ ဖမ်းဆီးခံလိုက်ရပါတယ်။



“ဒီရက်ပိုင်းမှာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို ပစ်မှတ်ထားတဲ့ပုံစံနဲ့ ဖမ်းဆီးလာတာတွေ့ရတယ်။ ဖမ်းဆီးတာကတော့ အကြောင်းအမျိုးမျိုးပြ
ဖမ်းဆီးနေတာပါဘဲ။ တော်တော်များများ အဖမ်းခံရတယ်လို့တော့ သိရတယ်။ အခြေခံကျောင်းက ကျောင်းသားကျောင်းသူ တွေတောင်ပါတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဖမ်းဆီးခံရထားရတဲ့ ကျောင်းသားကျောင်းသူ ၄၀ ဦးခန့်ရှိပြီး အချို့ကို ပြန်လွှတ်ပေးပြီး အချို့ကိုတော့ ဆက်လက် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ထားဝယ်မြို့နယ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူ ၂၀၀ ဦးကျော်ရှိနေပြီး ၅၀ ဦးခန့်ကို ထောင်တွင်းတရားရုံးတွေကနေတဆင့် ထောင်ဒဏ် ၂ နှစ်မှ ၄ နှစ်အထိ အမိန့်ချမှတ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Dawei Watch

ပုံစာ – မေလအတွင်းက ထားဝယ်ပင်မသပိတ်စစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.