”ငါ အပ်ထားပြီးပြီ။ ငါ ရှင်းထားပြီးပြီ” ဆိုပြီး ပိုင်သလို ဆိုင်သလို လုပ်သည်။ ဒီကောင်နှင့် အလုပ်တွဲလုပ်ရသည်မှာ အ ဆင်မပြေ။ အတွဲ မညီချေ။ အချိန်က မိုးတွင်းကြီး။ စက်တင်ဘာ ကိုးလေးလုံး ကာလ။ မိုးတွေက ရွာ။ ဒီကောင် လုပ်ပုံ ကိုင်ပုံတွေကြောင့် အရမ်း စိတ်ညစ်လိုက်ရသည်။ လူက ဘားအံရောက်လာခဲ့သော်လည်း ပစ္စည်းထုပ်က မရောက်လာ ပါ။ ဒီကောင်နှင့် ဘယ်လိုမှ ရှေ့ ဆက် လက်တွဲ လို့ မရမှန်းသိတော့ လမ်းခွဲလိုက်၏။ ဘားအံ တည်းခိုခန်းမှာ တစ်ည အိပ်သည်။ စိတ်က တထင့်ထင့်နှင့် အိပ်လို့လည်း မရပါ။ ကိုယ်က ထောင်နှုတ်ခမ်း နင်းပြီး လုပ်နေသည် ဆိုခြင်းကို ကိုယ့်ဘာသာသိတယ်လေ။
ယူဂျီလုပ်ပါတယ်ဆိုမှ ဒီကောင်က သူ့အသိ မိတ်ဆွေများ ဆွေမျိုးများနှင့် သွားတွေ့မည်ဟု ဆိုကာ ပျောက်သွားပြန် သည်။ ဒီကောင့်လုပ်ပုံက အလည် ခရီးထွက်သလိုမျိုး လုပ်၏။ မူးကလည်း မူးသေး။ ဒီကောင့် လှုပ်ရှားပုံက နောက်ကျော ဘယ်လိုမှ မလုံ။ ထို့ကြောင့် ဘားအံမှ တပ်ခေါက်ကာ မဲဆောက်ကို ပြန်လစ်လာခဲ့သည်။ ဒီကောင်လည်း ဘား အံကနေ ရန်ကုန် ဆင်းသွားတယလို့ သိရ၏။ ဒီကောင်က နောက်မှ ဘုန်းကြီးဝတ်ပြီး မဲဆောက်ကို ပြန်ပေါက်ချလာ ၏။ သူလည်း ဒီအခေါက် ခရီးမှာ မှတ်ပုံတင် ပျောက်သွားခဲ့လေသည်။
ကျော်ဝေစိုးနှင့် လုပ်ရသည်က နှစ်ယောက်သား အေးအေး ဆေးဆေး အပေးအယူ တည့်သောကြောင့် အဆင်ပြေ သည်။ ဒီအလုပ်က အချိတ်အဆက်မိရသည်။ သူက ကားပေါ် ပစ္စည်း သွားတင်သည့်အခါ ကိုယ်က ခရီးသည် ပုံစံနှင့် တက်လိုက်သွားရသည်။ ကိုယ်နှင့် ဘာမှ မဆိုင်သလို ခပ်တည်တည် နေရ၏။ အခြေအနေ ကို အမြဲတမ်း မျက်ခြည်မပြတ် သတိနှင့် အကဲခတ်နေရသည်။ အခြေအနေ ကောင်းလျှင် ဆွဲချမည်။ အကယ်၍ တစ်ယောက် ယောက်က ရှာတာ ဖွေတာ စစ်တာ ဆေးတာ လုပ်သည်ကို မြင်လျှင် အထုပ်ကို ထားပစ်ခဲ့ပြီး ကိုယ်လွတ် ပြေးရမည်။
ရှာဖွေရေးက ဖွင့်ကြည့်ပြီးသွားပြီ ဆိုလျှင် ကိုယ့်အထုပ်က ကိုယ့်ကို ဖမ်းမည့် ငါးမျှားချိတ် ဖြစ်သွားပြီ။ ထောင်ချောက် ဖြစ်သွားပြီ။ သွားထိဖို့ မစဉ်းစားနှင့်တော့။ ဘယ်သူမှ လာမထိဘူး မမွှေဘူးဆိုလျှင် ကိုယ့်တာဝန်အတိုင်း ဆွဲချပြီး မူလဆွဲထားသည့် အစီအစဉ်အတိုင်း ဆက်လုပ်ရန် ဖြစ်သည်။ တစ်ယောက်နှင့် အဆင်ပြေသည် ဆိုသည်မှာ ကိုယ့် အပိုင်းကို ကိုယ် တာဝန်ယူကာ အောင်မြင်အောင် လုပ်နိုင်ခြင်းကို ဆိုလိုသည်။
ကျော်ဝေစိုးနှင့် ဒုတိယအကြိမ် လုပ်စဉ်က ပစ္စည်းတွေကို ပဲခူးက သူ့အိမ်ထိ ရောက်အောင် သယ်လာခဲ့၏။ နောက်နေ့ ရန်ကုန်ကို ခရီးဆက်သည်။ အမှန်တကယ်က သူ့တာဝန်က ပဲခူးထိဘဲ။ တာဝန်ကျေပြီ။ သို့သော်လည်း ကျော်ဝေစိုး က သူ့ကို ရန်ကုန်ထိ ထပ်တင်ပေးရန် အကူအညီတောင်းသောကြောင့် သူက လိုက်လုပ်ပေး၏။
ထို့ကြောင့် သူသည် ပဲခူးကားဂိတ်မှ တင်ပေးလိုက်သည်။ သတင်းစာများထည့်ထားသည့် မြွေရေခွံတိတ်ကို နှီးနှင့် အ သေအချာ ချည်ထာပြီး ပလပ်စတစ်နှင့် လုံအောင် ထုပ်ထားပြီး အလည်မှာ အရင်ထည့်သည်။ ယင်းအပေးမှ မျှစ်များ ကို ထည့်ကာ ထုပ်ထားသည်။ မျှစ်ထည့်ထားသည့် အိတ်စုတ်ကြီး တစ်လုံးဟု ထင်အောင် ပြုလုပ်ထားပြီး ခေါင်မိုးပေါ် ပစ်တင်ပေးလိုက်သည်။
ကျော်ဝေစိုးက ခေါင်းခန်း နောက်ကြည့်မှန်က ကြည့်နေ၏။ သူသည် ယင်းကားနှင့် ထောက်ကြံ့ထိ လိုက်ပါသွားခဲ့သည်။ ထောက်ကြံ့ရောက်မှ ခပ်သုတ်သုတ် ပြန်ပြေးခဲ့ရ၏။ ဒီနေ့ကျမှ ထောက်ကြံ့ဂိတ်က အစစ်အဆေး ထူနေသည်။ ရှာဖွေ သည့် ရဲတစ်ယောက်က သူတင်ထားသည့် အထုပ်ကို ထိုးဖွ ကြည့်နေသည်ကို သူမြင်နေရသည်။ ဘာသတင်း ရထား သည်လဲမသိ။ အရင်ရက်တွေက သည်လောက် အသည်းအသန် စစ်လေ့မရှိသည့် နေရာတွင် ဇစ်ဇက်တွေ ချပြီး စစ်နေလေ၏။ စိတ်ထဲတွင် သူတင်ပေးလိုက်သည့် ပစ္စည်းထုပ် မိသွားပြီဟု တထစ်ချ မှတ်လိုက်သောကြောင့် သူသည် ကြုံရာကားဖြင့် အိမ်သို့ အမြန် သုတ်လာခဲ့၏။
စိုးရိမ်စိတ်က အမြင့်ဆုံးကို ရောက်သွားပြီ။ အိမ်ကိုရောက်လျှင်ရောက်ချင်း ကျန်ရှိနေသာ မိုးကြိုးသတင်းစာများကို သွပ် ဇလားကြီး တစ်လုံးထဲ၌ ထည့်ပြီး မီးရှို့ ပြာချပစ်လိုက်၏။ ရာနှင့်ချီသော သတင်းစာများကို နည်းနည်းစီ ဖြည်းဖြည်းချင်း ရှို့ရသည်။ လူမြင်သွားမှာလည်း ကြောက်သေး၏။ အိမ်ပေါ်မှာ တိတ်တိတ်ကလေး လုပ်နေရ၏။ ကိုယ့်အလုပ်က လူ သိခံလို့က ဖြစ်သည့် အလုပ်မဟုတ်ချေ။
သတင်းစာ အားလုံးကို မီးရှို့ပြီး ပေမယ့် ဘယ်အိပ်လို့ အိပ်လို့ မရတော့ပါ။ စိတ်ထဲမှာ ဘယ်အချိန် ငါ့အိမ်ကို ရဲလာဖမ်း လဲဟု စိုးရိမ်က လွှမ်းမိုးနေ၏။ ထို့ကြောင့် မိုးလင်းသည်နှင့် သနပ်ပင်မြို့နယ်မှ ညီအကိုဝမ်းကွဲ ဘုန်းကြီး သီတင်းသုံး သည့် ကျောင်းကို ပြေးကာ ခေတ္တ ရှောင်နေလိုက်သည်။ ဦဇင်း နာမည်က ဦးကောဝိဒ။
ယူဂျီဆိုတာက တစ်နေရာတည်းမှာ အငြိမ် နေနေလို့မဖြစ်ပါ။ ရဲ ရပ်ကွက် လူ ကြီးနှင့် သတင်းပေးများ သတိမထား မိအောင် ခြေရာဖျောက်နေဖို့က အရေးအကြီးဆုံး ဖြစ်သည်။ ရဲက တောရွာများသို့ အကြောင်းမရှိဘဲ မလာတတ်ကြပါ။ တရားခံ လာဖမ်းတာတို့ လောက်ပဲလာတတ်ကြ၏။ ထို့နောက် သူလည်း ထိုင်းကို ပြန်လာခဲ့၏။ ကျော်ဝေစိုးလည်း သူ့အစီအစဉ်နှင့်သူ ပြန်လာသည်။ ပစ္စည်းများလည်း အသိမ်းမခံရဘဲ သက်ဆိုင်ရာ ဒေသခံ ယူဂျီ လက်ထဲ အောင်မြင်စွာ ပေးပို့ နိုင်ခဲ့၏။
တကယ်ကျတော့ အသုံးစရိတ် ပေးထားတာက အရမ်းနည်း၏။ ထို့ကြောင့် အခန့်မသင့်လို့ ပြေးရ လွှားရမယ်ဆိုလျှင် စရိတ်ကျန်အောင် ချွေတာ သုံးရသည်။ ဆိုပါစို့ အရေးကြုံရင် ဆိုင်ကယ် ကယ်ရီ ငှါးစီးရမည်။ စီးလုံးငှါးစီးရမည်။ ထိုအ ခါ ပိုက်ဆံလိုပြီ။ တစ်ရာပေးရမည့်လမ်းကို နှစ်ရာ ပေးရတာလည်း ရှိရင် ရှိမည်။ ထိုသို့ ကြုံလာပါက ကာမိအောင် ထမင်းကို ဈေးသက်သာမည့် နည်းဖြင့် စားရသည်။ အသား ငါး မမှာဘဲ သက်သတ်လွတ်စား၏။ ထမင်းနှင့် အသီး အရွက် ဟင်းလေးတွေကိုသာ မှာစားသည် အကုန်အကျ များမှာကြောက်လို့။
လေးဆယ့်ငါးကျပ် ပေးစားရမယ့်ဟာကို နှစ်ဆယ် အစိတ်နှင့် ပြီးစေသည်။ သက်သတ်လွတ် ဟင်းနှင့် အဝ ဆွဲရ၏။ ပိုက်ဆံ လက်ထဲ ရှိပေမဲ့ ချွေတာရ၏။ ဖြုန်းတာ တစ်ခုမှ မရှိစေရပါ။ စိစစ်သုံးရသည်။ ကွမ်းတောင် တစ်ယာလောက် လေး အာသာပြေဘဲ စားရသည်။ လဖက်ရည် သောက်ချင်သော်လည်း မသောက်။
ကိုးလေးလုံး လှုပ်ရှားမှုကို အစိုးရကလည်း စိုးရိမ်ပုံရ၏။ ရှစ်ဆယ့်ရှစ်လို ဖြစ်မှာကို အတော် ကြောက်ပုံရ၏။
နယ်စပ်ကလည်း စီမံကိန်းဆွဲပြီး ကိုးလေးလုံး လှုပ်ရှားမှု ဖြစ်ပေါ်လာအောင် လုပ်နေကြသည်။ အစိုးရကလည်း နိုင်ငံရေးနှင့် ပတ်သက်လျှင် နည်းနည်းလေးမှ သည်းညည်းမခံသောကြောင့် အလွန်ပင် လုပ်ရကိုင်ရ ခက်၏။ တင်းကြပ်ထားသည်။ နယ်စပ်မှ အဖွဲ့အစည်းများဘက်ကလည်း ကြွေးကြော်ထားတာက ကိုးလေးလုံးဖြစ်ရမည်ဟု ဖြစ်သည်။ နယ်စပ်မှ အဖွဲ့အစည်းများမှာလည်း ကိုးလေးလုံးအတွက် ထောက်ပံ့ငွေတွေ ဖောဖောသီသီ ရထားကြသည်။
ကိုးလေးလုံး ကာလမှာ ရက်အတော်ကြာကြာ မြဝတီကားလမ်းကို ပိတ်ချ ပစ်လိုက်သည်။ ကား အတက် အဆင်း လုံးဝ မရှိ။ နယ်စပ်က စိမ့်ဝင်လာမည့် ယူဂျီများကို ဟန့်တားလိုက်သည့် သဘောဖြစ်သည်။ ဒေါနတောင် အတက်အဆင်းကို ပိတ်ထားပေမယ့် သာမည ဘားအံ ရန်ကုန် ကားလမ်းကိုတော့ ပိတ်မထားချေ။
ထို့ကြောင့် သူ့ကို တောလမ်းက ဖြတ်တက်ပြီး သတင်းစာတွေကို ပို့ဖို့ တာဝန်ပေးခြင်း ခံရသည်။ သွားရသည့် လမ်းက ဘဲကလော် ဒုက္ခသည်စခန်းမှ တဆင့် ပြည်တွင်းကို ခိုးဝင်ရသည်။ ကုန်းကြောင်း ခရီးနှင်ရ၏။ ထိုင်းနယ်စပ်ရှိ ကရင်ရွာကြီး တစ်ရွာကို ပထမဆုံး ရောက်သွားသည်။ ယင်းရွာက ထိုင်းဘက်ခြမ်းမှာရှိ၏။ ထိုမှတဆင့် သောင်းရင်းမြစ်ကို ကူးပြီးနောက် နောင်ဒိုင်းရွာ နောင်ပတ်တယားရွာ နောင်ကုလားရွာတို့ကို ဖြတ်ကာ လာရသည်။
လိုက်ပို့သူများမှာ ကိုထွန်းအောင်ကျော်နှင့် အန်န်အယ်လ်ဒီ အယ်လ်အေက တာဝန်ယူ လိုက်ပို့ပေးခြင်း ဖြစ်သည်။ ပါလာသူများမှာ ကဗျာဆရာ အောင်ပွင့် စာရေးဆရာ ငြိမ်းသစ် ဘဲကလော်က ဆေးမှူး ကိုထွန်းအောင်ကျော် ဖိုး ထောင်နှင့် သူ တို့ဖြစ်ကြသည်။ ဘဲကလော် ဒုက္ခသည် စခန်းမှ အထုပ်အပိုးများ ကူသယ်ပေးရန် လိုက်ပါလာသူများ လည်း ပါသေးသည်။ သုံးလေးယောက် ဖြစ်၏။ လမ်းတွင် တပ်မ ဟာ ၇ က ဗိုလ်ထိန်မောင်ဆီလည်း ဝင်တွေ့ခဲ့ကြသည်။ တောင်ခြေမှာ ကေအန်န်ယူ အေဘီ အက်စ်ဒီအက်ဖ် နဲ့ အန်န်အယ်လ်ဒီ အယ်လ်အေ တို့ စခန်းချရာ သုံးပွင့် ဆိုင် နေသည့် နေရာရှိ၏။
သုံးပွင့်ဆိုင်စခန်းအလွန် ဗိုလ်ထိန်မောင်စခန်း၏ တောင်ခြေမှာ စခန်းလေး တစ်ခုရှိ၏။ ရေပတ်လည် ဝိုင်းနေသည်။ ကျွန်းလေးသဖွယ် ဖြစ်နေသည့် ယင်းစခန်းတွင် သူ တည်းရသည်။
အနီးတစ်ဝိုက်တွင် ကုလားရွာများ ရှိသည်။ နောင်ကုလားရွာမှ ကုလားလင်မယားက သူ့ကို လာကြို၏။ ဤလင်မယား မှာ တော်လှန်ရေးက လူတွေကို အမြဲတမ်း ကူညီနေကြသူများ ဖြစ်သည်။ မိန်းမက ကရင်မ ။ ယောကျ်ားက ကုလား။ ကရင်မ၏ ယောကျ်ားမှာ တော်လှန်ရေးသမား ဖြစ်၏။ သူ့ယောကျ်ား ဆုံးသွားပြီးနောက် နောင်ကုလားရွာမှ လက်ရှိ လင်နှင့် နောက် အိမ်ထောင်ပြုထားခြင်း ဖြစ်သည်။
သူ နောင်ကုလားရွာကို ရောက်သွားချိန်မှာ အခြေအနေက မကောင်း။ အစိုးရ စစ်ကြောင်း ဝင်မယ်ဆိုသည့် သတင်း ဖြစ်နေ၏။ ထို့ကြောင့် သူသည် ဧည့်သည် ခရီးသွားပုံစံ ဖမ်းကာ အိမ်မှာ မနေဘဲ လှေနှင့် လျှောက်သွားနေလိုက် သည်။ အိမ်မှာနေလို့ လာစစ်လား ဆေးလား လုပ်ခဲ့သော် အဖမ်းခံသွား ရနိုင်သည်။
သို့သော်လည်း အဲဒီ စစ်ကြောင်းဝင်မည်ဆိုသော သတင်းက မမှန်ပါ။ အစိုးရ စစ်ကြောင်းက မဝင်သော်လည်း ဒေသ တွင်းရှိ လက်နက်ကိုင် အဖွဲ့ အချင်းချင်းကြားတွင် ဘာပြဿနာ တက်နေလဲမသိ။ သူ့နှင့် ကုလား လင်မယားကို လာရောက် ဖမ်းဆီးကြလေသည်။ လက်ပြန်ကြိုးတုပ်ထားခြင်းခံရသည်။
ဖြစ်ပုံက ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းက ခဏလာခဲ့ဟု ခေါ်သဖြင့် သူ သွားတွေ့ခြင်း ဖြစ်သည်။ သူလာသည့် အကြောင်းကိုလည်း ကြိုတင် သတင်းပို့ပြီးသားမို့ အေးအေးဆေးဆေး သွားတွေ့သည်ကို ယခုလို ဖမ်းဆီးလိုက်ခြင်း အတွက် သူ အတော် နားမလည် ဖြစ်သွားရသည်။ အချိန်က လည်း အပုပ်ချိန် ဖြစ်သွားပြီ။ မိုးလည်း ချုပ်သွားပြီ။ လက် ပြန်ကြိုးတုပ်ထားသည့် သူတို့ သုံးယောက်ကို သေနတ်များနှင့် ထိုးချိန်ထားကြသည်။ သူက ယခုလို ပြော၏။
”ဒါဖြင့် ခင်ဗျားတို့ စက်ကိုင်ဘယ်သူလဲ မေးပါ ကျွန်တော်က ရန်သူ မဟုတ်ဘူး အလုပ်နဲ့လာတာ ကျွန်တော်က အန်န်အယ်လ်ဒီ အယ်လ်အေကဘဲ မယုံရင် လှမ်းမေးလိုက်”ဟု ပြောပြသည်။
စက်ကိုင်ကိုလည်း စက်နံပတ်တွေကို ပြောပြလိုက်သည်။ တောထဲတွင် တစ်နေရာနှင့် တစ်နေရာ ဆက်သွယ်ရန် ကြိုးမဲ့ စကားပြောစက်ကို အသုံးပြုကြသည်။
” ခင်ဗျားတို့ ကိုထွန်းအောင်ကျော် ဆီဆက်ပါ။ ကျွန်တော် ကိုထွန်းအောင်ကျော်ရဲ့ လူ”
”ဒါဖြင့် မင်းရဲ့ လျှို့ဝှက် နာမည်ကို .. ပြောစမ်း”ဟု မေး၏။
” စိန်လက်မ။ ဒီနာမည်ပြောရင် သူတို့သိတယ်”ဟု ဖြေလိုက်သည်။
ဒီကောင်တွေက ဝိုင်းပြီး သေနတ်နှင့် ချိန်ထားသည်မှာ အသည်းယားစရာ ကောင်းလှ၏။ သူတို့အားလုံးက မူးက လည်း မူးနေကြသေးသည်။ သိပ်ကြောက်ဖို့ကောင်းတာ။ သောက်ထားစားထားတာကလည်း ပါးစပ် က အရက်နံ့ မထွက်ဘဲ ချဉ်စူးပြီး ချီးနံ့ထွက်နေပြီ။ ထို့ကြောင့် သူက”ခင်ဗျားတို့ ဆက်သွယ်ပါ ဆက်သွယ်ပါ လို့”
ဟု သူက ပြောနေတာတောင် ချက်ချင်း မဆက်ဘဲ နေသဖြင့် သူလည်း လွန်စွာ စိုးရိမ်မိသည်။
အခြေအနေက အချိန်မရွေး သေသွားနိုင်သည် မဟုတ်လား။ စက်သမားက ခုလို ပြန်ပြောသည်။
”စက်က ဆက်ချင်တဲ့ အချိန် ဆက်မရဘူး။ အချိန် ကန့်သတ်ထားတယ်။ သူ့နာရီနဲ့သူ။ ဘယ်နေရာက ဘယ်နှစ်နာရီ မှာ ဆက်ရမယ်။ ဘယ်က ဘယ်နာရီ ဒီလို သတ်မှတ်ထားတာ။ သူ့အချိန် မကျမချင်း ဆက်မရဘူး”
သူ့အနေအထားက ဟိုက ကွန်ဖမ်းဖြစ်မှ လွတ်မှာ။ ဟိုက ကွန်ဖမ်း မဖြစ်ရင် မနက်ဖြန်ဆိုတာ မရှိတော့ဘူး။ သူတို့ လက်ထဲက ရေပမာ သွန်လိုသွန် မှောက်လိုမှောက် ဖြစ်နေပေပြီ။ မထိတ်သာ မလန့်စရာ ကြောက်စရာ ကောင်းလိုက် သညိ့ ကံကြမ္မာဆိုးကြီးအောက်မှာ ဘုရားကိုတရင်း ငယ်စဉ်က ကျက်မှတ်ခဲ့ဖူးသော ဘုရားစာများကို ရတတ်သ လောက် ရွတ်ဖတ်ရင်း ကိုထွန်းအောင်ကျော်တို့ဆီမှ စက် အဆက်အသွယ်ရရှိမည့် အချိန်ကို စောင့်ဆိုင်းနေရလေ သည်။ ကိုထွန်းအောင်ကျော်တို့က ”ဟုတ်တယ်။ ဒါ ငါတို့လူ” ဆိုမှ ပြန်လွှတ်ပေးလေ၏။ ထိုအခါမှ သက်ပြင်းချနိုင်၏။ သို့သော်လည်း တစ်ညလုံး အိပ်၍ကား မပျော်တော့ပေ။
နောက်နေ့တွင် ကိုထွန်းအောင်ကျော်တို့ ဆင်းချလာပြီး သူ့ကို ပြန်လာခေါ်သည်။ တရားဝင် အကြောင်းကြားထား လျှက်နှင့် သူတို့လူတွေကို ဒီလို ဖမ်းရမလား ဆိုပြီး ကိုထွန်းအောင်ကျော်တို့ သိပ်ကို ဒေါသဖြစ်သွားကြသည်။
ဖမ်းသည့် လက်နက်ကိုင်များမှာ ဒီကေဘီအေက ဖြစ်သည်။ ထိုသူများမှာ ဟိုဘက်ကူး ဒီဘက်ကူး ကောင်တွေ နှစ်ဖက်ခွတွေ ဖြစ်ကြသည်။ သည်ဘက်တွင် အဆင်မပြေလျှင် အစိုးရဘက်ကို ပြေးဝင်သွားမည်။ အစိုးရဘက်တွင် အဆင်မပြေပါက သည်ဘက်ကို ပြန်ကူးလာကြေသည့် သူများဖြစ်သည်။
သူ့ကို စခန်းသို့ ပြန်ခေါ်သွားသည်။ သတင်းစာထုပ်ကို ကုလားလင်မယားဆီမှာ ထားခဲ့၏။ သူတို့ကို သာမညထိ ရောက်အောင် ပို့ရန် တာဝန်ပေးထားခဲ့သည်။ ယခု ထပ်သွားရမည့်ခရီးအတွက် အဖော်တစ်ယောက်ကို ခေါ်သွားခိုင်းသည်။
ကိုထွန်းအောင်ကျော်က ”ဒီတစ်ခေါက် မင်း အဖော် ဘယ်သူ့ကို ခေါ်သွားမလဲ။ တစ်ယောက်တည်း သွားရတာ အရေးအကြောင်းဆိုရင် ကူညီလို့ရအောင် မင်းကြိုကတ်တဲ့ တစ်ယောက်ယောက်ကို ရွေးခေါ်သွား”
ဟု ဆိုသဖြင့် သူက ဖိုးထောင်ကို ရွေးလိုက်သည်။ အစပထမတော့ သည်အလုပ်က ကိုယ့်ဘာသာ တစ်ယောက်တည်း လုပ်ရမည့် အလု့ပ်။ သို့သော် ယလုလို ခရီးကြန့်ကြာသွားသည့်အတွက် အဖော်ခေါ်ခေါ်သွားရန် စီစဉ်ပေးခြင်း ဖြစ် သည်။
ဖိုးထောင် နယ်စပ်သို့ ရောက်လာပုံကို နည်းနည်းပြောပြချင်သည်။ သူသည် ရှေ့ဦးစွာ မဲဆောက်မြို့နားက မယ်တော် အရပ်တွင် ဖွင့်ထားသည့်ကျောင်းသားဆေးခန်းသို့ ရောက်လာခဲ့သည်။ သူသည် ရှစ်လေးလုံး ကာလတုန်းက ကို ထွန်းအောင်ကျော်နှင့် အတူ လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ဖူးကြောင်း ပြောပြ၏။ ကိုထွန်းအောင်ကျော်နှင့် တွေ့ချင်ကြောင်း ပြောရာ ဆေးခန်းမှ
”ဒီဘက်မှာ နာမည်တူ ထွန်းအောင်ကျော်တွေ နှစ်ယောက် သုံးယောက် ရှိတယ်။ ခင်ဗျား သိတဲ့ ထွန်းအောင်ကျော် ဘယ်သူဆိုတာ သိရအောင် သူ့အကြောင်း ပြောပြ”ဟု မေးပြန်မေးသဖြင့် သူက
”ထွန်းအောင်ကျော် ဆိုတာက ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသက ဖြစ်ပါတယ်။ သူနဲ့ ရင်းနှီးတယ်။ ဒါကြောင့် တွေ့ချင်တယ်”ဟု တောင်းဆိုလေသည်။
ထို့ကြောင့် ကိုထွန်းအောင်ကျော် လာတွေ့ရာ သူနှင့်ရင်းနှီးသူ ရှစ်ဆယ့်ရှစ်က လုပ်ဖော်ကိုင် ဖက် ဖြစ်သောကြောင့် အန်န်အယ်လ်ဒီ (အယ်လ်အေ) ရုံးသို့ ခေါ်သွားခဲ့လေသည်။ ထို့နောက် ဒီကောင်လည်း မိုးကြိုး သတင်းစာ တိုက်ကို အဝင်အထွက် ရှိလာခဲ့၏။ သူသည် ဖိုးထောင်ကို ကိုထွန်းအောင်ကျော်၏ သူငယ်ချင်းဖြစ်သဖြင့် ယုံကြည်၏။ ထို့ပြင် ဒီကောင်က ရှစ်လေးလုံးကတည်းက လုပ်ခဲ့တဲ့ တက္ကသိုလ် ကျောင်းသား ရဲရဲတောက်။ ခုလည်း တက်ကြွလှုပ်ရှားဆဲဖြစ်သည့်ပြင် သူက ကိုယ့်ထက် စီနီယာကျလည်းကျသလို ကိုယ့်ထက်လည်း အသက်က ရှစ်နှစ် လောက်ကြီးတာမို့ ဖိုးထောင်ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ဌေးဝင်း
အပိုင်း (၁) https://bit.ly/3BMkqTh
အပိုင်း (၂) https://bit.ly/2Vq6I9n