မော်လမြိုင်၊ စက်တင်ဘာ ၅

အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေ နေရပ်ကို ပြန်လာရင် မဖမ်းတော့ဘူးလို့ တနင်္သါရီတိုင်းဒေသကြီး ပုလောမြို့နယ်မှာ ရဲတပ်ဖွဲ့က လက်ကမ်းစာစောင်တွေ ဝေငှပြီး ကြေညာနေပါတယ်။

အသိပေးစာစောင်ထဲတွင် ပုလောမြို့နယ်အတွင်းရှိ CDM ပြုလုပ်ထားသော ဌာနဆိုင်ရာဝန်ထမ်းများ၊ အကြောင်းမျိုးမျိုးကြောင့် နေရပ်နေရာအသီးသီးရောက်ရှိနေကြသော အရပ်သားပြည်သူများအနေဖြင့် လူသတ်မှု၊ မီးရှို့ဖျက်ဆီးမှု၊ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ခြင်းမရှိပါက မိမိနေရပ်သို့ ပြန်လည်လာရောက်မည်ဆိုရင် ဥပဒေအရ အရေးယူမှုများ ပြုလုပ်သွားမည် မဟုတ်ကြောင်း ရေးသားထားပါတယ်။

ယင်းစာကို စက်တင်ဘာလ ၂ ရက်နေ့က စပြီး မြို့နယ်အတွင်းက လူစည်ကားသည့်နေရာများနှင့် လူအသွားအလာများသည့်နေရာတွေမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံဖြန့်ဝေခဲ့ကြတာပါ။

CDM ပြုလုပ်ထားတဲ့ ဝန်ထမ်းတွေကတော့ စစ်ကောင်စီရဲ့ အခုလို ကမ်းလှမ်းချက်ကို အယုံအကြည်မရှိဘူးလို့ ဆိုပါတယ်။

” အာဏာသိမ်းတဲ့နေ့က စပြီး CDM လုပ်တဲ့သူတွေကို မတွေ့၊ တွေ့အောင်ရှာပြီး အမျိုးမျိုးဒုက္ခပေး ဖမ်းတာ၊ ခြိမ်းခြောက်တာ အရေးယူတာတွေ လုပ်နေခဲ့တာ ဒီကနေ့အထိပဲလေ၊ အခုမှ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်နေတာမှ မသိတာ၊ ကျွန်မကတော့ အယုံအကြည်လဲ မရှိသလို၊ ပြန်လာဖို့လဲ စိတ်ကူးမရှိဘူး။ အများပြည်သူရွေးချယ်ထားတဲ့ အစိုးရမဟုတ်တဲ့ စစ်တပ်လက်အောက်မှာ မလုပ်ချင်လို့ CDM လုပ်တယ်”လို့ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ အစိုးရယန္တရားထဲက ထောင်နဲ့ချီတဲ့ဝန်ထမ်းတွေ ပါဝင်ခဲ့ပါတယ်။

အဲ့ဒီဝန်ထမ်းတွေကို စစ်​ကောင်စီလက်အောက်ခံတွေက ရှာဖွေဖမ်းဆီးတာတွေကို ယနေ့ထိတိုင် ပြုလုပ်နေလို့ နေအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဝန်ထမ်းတွေ ရှိသလို အဖမ်းခံထားရသူတွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.