မော်လမြိုင် ၊ မတ် (၂၆)

မွန်ပြည်နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် ညပိုင်းအစေးခြစ်ရတဲ့ ရာဘာလုပ်သားတွေက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မွန်ပြည်နယ်မှာ ရာဘာစိုက်ဧက ငါးသိန်းကျော်ရှိပြီး နှစ်စဉ် ရာဘာတန်ချိန် တစ်သိန်းကျော်ကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်တဝှမ်းက မြို့နယ်တွေမှာ ည (၈)နာရီကနေ မနက် (၄)နာရီအထိ အပြင်မထွက်ရတဲ့ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ညနက်ပိုင်း ည (၁၁) နာရီ ၊ (၁၂) နာရီ လောက်မှ အစေးခြစ်ရတဲ့ ရာဘာလုပ်သားတွေက အပြင်မထွက်ရဲ ဖြစ်နေကြပါတယ်။

အခုလို အခြေအနေတွေကြောင့် ရာဘာခြံအချို့ ပိတ်ထားရပြီး မွန်ပြည်နယ်ရဲ့ ရာဘာအထွက်နှုန်းကလည်း ကျဆင်းလာတယ်လို့ မွန်ပြည်နယ် ရာဘာလုပ်ငန်းရှင်များအသင်းရဲ့ တွဲဖက်ဘဏ္ဍာရေးမှူး ဦးအောင်ရွှေက ပြောပါတယ်။

“အခုတောင် ရော်ဘာခြံတွေက အားလုံးမလှီးရဲတဲ့ ပုံစံမျိုးတွေ အများကြီးဖြစ်နေပါတယ်။ သူတို့က ည လှီးတဲ့ လူတွေကျတော့ နယ်မြေအခြေအနေအရ ကြည့်ပြီး လှီးနေရတယ်။ မလှီးရဲတဲ့ ဒေသတွေကျတော့ ခြံပိတ်ထားရတာပေါ့။ တော်တော်များများ ပိတ်ထားကြပါတယ်”လို့ ဆိုပါတယ်။

ရာဘာအစေးခြစ်ရာမှာ အအေးဓာတ်ပိုတဲ့ ညနက်ပိုင်းမှ ခြစ်မှ ရာဘာအစေး ပိုထွက်တာလည်း ဖြစ်ပါတယ်။

အချို့ ရာဘာလုပ်သားတွေကတော့ မနက် (၄)နာရီ ထိုးခါးနီမှ ရာဘာထွက်ခြစ်ရတဲ့အတွက် အစေးအထွက်နည်းတယ်လို့ ဆိုပါတယ်။

“ ည (၈)နာရီကနေ မနက် (၄)နာရီ အထိ မထွက်ရဆိုတော့ ၄ နာရီကျော်မှ သွားခြစ်တယ်။ အဲ့အချိန်က နည်းနည်းပူလာတော့ ရာဘာအစေး ကောင်းကောင်းမထွက်တော့ဘူး ။ အထွက်နည်းတယ်”လို့ မုဒုံမြို့က ရာဘာလုပ်သားတစ်ဦးက ပြောပါတယ်။

အခုလို အခြေအနေတွေကြောင့် ရာဘာအထွက်နှုန်းကျပြီး ခြံလုပ်သားတွေ အပါအဝင် လုပ်ငန်းရှင်တွေပါ ထိခိုက်နစ်နာမှုတွေ ရှိနေပြီးလို့ ဆိုပါတယ်။

မတ်လ (၂၆)ရက်နေ့ မွန်ပြည်နယ် ရာဘာစျေးကွက်မှာတော့ အဆင့်မြင့်ရာဘာ တစ်ပေါင် ၉၅၀- ၉၆၀ ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေပြီး Local 3 ကတော့ ၈၀၀ကျပ် ဝန်းကျင် ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.