မော်လမြိုင် ၊ မတ် (၂၀)

စစ်တပ်အာဏာသိမ်းပြီး(၄၈)ရက်အကြာ မွန်ပြည်နယ် စျေးကွက်မှာ မတ်ပဲစျေးတွေ ဆက်တိုက်ကျဆင်းနေလို့ လုပ်ငန်းရှင်တွေ အရှုံးပေါ်နေပါတယ်။

ဖေဖော်ဝါရီ လဆန်းပိုင်းကနေ ယခုချိန်ထိ မတ်ပဲစျေးတွေ ဆက်တိုက်ကျဆင်းလာတာဖြစ်ပြီး တစ်ရက်ထက် တစ်ရက် ကျပ် ၅၀၀၀ ၊ ၁၀၀၀၀ နှုန်းစီ ဆက်တိုက် စျေးနှုန်းကျဆင်းလာတာလို့ ဆိုပါတယ်။

စျေးနှုန်းကျဆင်းရတဲ့ အဓိကအကြောင်းအရင်းကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ဘဏ်လုပ်ငန်းတွေ ရပ်နားသွားတာကြောင့် ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။

“အခု ကျန်တဲ့ ပဲတွေက တရုတ်ဆွဲတယ်ဆိုတော့ သိပ်တော့ ပြသာနာမရှိဘူး။ နယ်စပ်ကနေ ပို့လို့ရတာပေါ့။ မတ်ပဲကျတော့ နည်းနည်းပြသာနာရှိတယ်။ ဒီနှစ်က ပဲစိုက်လည်း နောက်ကျတယ်။ ပြီးခဲ့တဲ့နှစ်က အစိုဓာတ်များတော့ မတ်ပဲစိုက်တာ နောက်ကျတယ်။ တစ်ဖက်ကလည်း ဘဏ်ကိစ္စတွေကြောင့် ငွေလည်ပတ်မှုမရှိဘူးဆိုလို့ရှိရင် ကျွန်‌တော်ထင်တယ် လကုန်လောက်ထိ ဘဏ်မဖွင့်နိုင်ဘူးဆို ကျွန်တော်တို့ ဒီဈေးကွက်ကြီးက တော်တော်ထိုးဆင်းကျသွားမယ်။ ကျွန်တော်တစ်ဦးထဲ အမြင်ပေါ့နော်”လို့ မွန်ပြည်နယ် ပဲ ၊ နှမ်း လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ခိုင်မြင့်က ပြောပါတယ်။

အခုလို အခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် မကြာခင်မှာ မတ်ပဲစျေးကွက် ပျက်တဲ့အထိ ဖြစ်သွားနိုင်တယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

မွန်ပြည်နယ်ကထွက်တဲ့ မတ်ပဲတွေကို အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

ဒီကနေ့ မွန်ပြည်နယ် စျေးကွက်မှာတော့ မတ်ပဲ အချိန် ၆၀ တစ်အိတ် ၈သောင်းကျပ်၊ ပဲပုပ် အချိန် ၆၀ တစ်အိတ် ၆၆၀၀၀ ကျပ်၊နှင့် ပဲတီစိမ်း (ရွှေဝါ) အချိန် ၆၀ တစ်အိတ် ၁၀၈၀၀၀ ကျပ် ပေါက်ဈေးရှိတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.