မော်လမြိုင်၊ ဇန်နဝါရီ ၁၄

ကိုဗစ်အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေကို အသွားအလာကန့်သတ်ထားတာ ဇန်နဝါရီလ (၁၄)ရက်နေ့အထိ အိမ်ထောင်စု (၂၇၀)ကျော် ရှိလာပြီးလို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်စဉ်တွေမှာ မွန်ပြည်နယ်အတွင်း ကူးစက်မှု မြင့်တက်ခဲ့ပြီး အများစုက မော်လမြိုင်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။

အခုလို ကူးစက်ခံရသူတွေနဲ့ ထိတွေ့ခဲ့သူတွေကို ကွာရန်တင်း မပို့တော့ဘဲ နေအိမ်မှာသာ အသွားအလာ ကန့်သတ်တဲ့ စနစ်ကို ဒီဇင်ဘာလ (၈)ရက်နေ့မှာ စတင်ခဲ့တာပါ။

လက်ရှိမှာတော့ အိမ်ထောင်စု (၂၇၂) စုကို အသွားအလာ ကန့်သတ်ခဲ့ပြီး (၁၃၃) စုကတော့ သတ်မှတ်ရက် ပြည့်သွားပြီးလို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောပါတယ်။

“ စုစုပေါင်းကတော့ လက်ရှိ  ကျွန်တော်တို့ (၁၁)ရက်နေ့အထိ ဆိုလို့ရှိရင်တော့  အိမ်ထောင်စု ၁၃၅စုလောက်တော့ တစ်မြို့နယ်လုံး ရှိပါတယ်ခင်ဗျ၊ စုစုပေါင်းဆိုရင် Strict Home စလုပ်တဲ့ (၈)ရက်(၁၂)လထဲမှာ စပြီးတော့ လုပ်ခဲ့တာ အကုန်လုံး စုစုပေါင်းအိမ်ခြေ  ၂၆၀၊ အိမ်ထောင်စု ၂၇၂စု ရှိတယ်၊ အိမ်ထောင်စု  ၂၇၂စုထဲမှာ အခု ၁၃၅စု ကျန်နေတာပေါ့”လို့ ဆိုပါတယ်။

အခုလို Strict Home Quarantineနေထိုင်နေသည့် အိမ်ထောင်စုများထဲမှ ဆင်းရဲနွမ်းပါးသူတွေကိုတော့ လူတစ်ယောက်လျှင် ၁၄ရက်စာ ဆန် ၃ပြည်နှုန်းဖြင့် ဆန် ၂၆အိတ်ထိ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ နေအိမ်တွေမှာ Quarantine ထားရှိထားသူများ နေအိမ်ပြင်ပ မထွက်ခွာရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်နေပြီး သက်ဆိုင်ရာ ညွန်ကြားချက်ကို မလိုက်နာပဲ သွားလာပါက ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဥပဒေနဲ့အညီ အရေးယူ သွားမှာ ဖြစ်ပါတယ်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ဇန်နဝါရီလ (၁၄)ရက်နေ့ မနက်ပိုင်းအထိ စာရင်းတွေအရတော့ မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်အတည်ပြုလူနာ (၂၈၀၀)ကျော် ရှိပြီး (၂၄၀၀)ကျော်ကတော့ ပြန်လည် သက်သာလို့ ဆေးရုံ ဆင်းသွားကြပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.