မော်လမြိုင် ၊ ဒီဇင်ဘာ (၂၉)

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တိုင်ကြားထားတဲ့ အမှုတွေအပေါ် သက်ဆိုင်ရာက ဖြေရှင်းပေးရာမှာ နှောင့်နှေးနေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ် တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲနည်းဥပဒေပါပြဌာန်းချက်အရ ရွေးကောက်ပွဲအငြင်းပွားမှုနဲ့ ပတ်သက်တဲ့ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာကိစ္စတွေကို ရွေးကောက်ပွဲပြီး ၁၅ ရက်နေ့အထိ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေမှာ တိုင်ကြားရမှာဖြစ်ပါတယ်။

မော်လမြိုင်မြို့နယ်တစ်ခုတည်းမှာပဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရဲစခန်းမှာ အမှုဖွင့်ထားတာ ၅ မှုရှိနေပြီး အခြားမြို့နယ်တွေမှာလည်း အမှုဖွင့်ထားတဲ့ဖြစ်စဥ်တွေရှိနေတယ်လို့ ပါတီ တာဝန်ရှိသူက ပြောပါတယ်။

တိုင်ကြားထားတဲ့ အမှုတွေအပေါ် သက်ဆိုင်ရာက စိစစ်ရာမှာ နှောင့်နှေးကြန့်ကြာနေပြီး တရားစွဲတဲ့အဆင့် မရောက်သေးဘူးလို့ ဆိုပါတယ်။

“ရဲစခန်းမှာတော့ တိုင်ထားတာကတော့ ဥပမာ မော်လမြိုင်မှာပေါ့ ၅ မှုရှိတယ် အခုက ရဲမှာ ဖွင့်ထားတာပဲရှိတယ် ရဲက သက်သေခေါ်စစ်လိုက် ဘာစစ်လိုက် ဒီလိုပဲလုပ်နေဆဲ တရားရုံးစွဲတင်တာကို မရှိဘူး သွားတုန်းပဲပေါ့ ပြောမယ်ဆို ရဲစခန်းလက်ထဲမှာပဲရှိနေတာပေါ့ တရားစွဲတင်တဲ့အဆင့် မရောက်သေးဘူး ကော်မရှင်ကို တိုင်ထားတဲ့ကိစ္စလဲ ဒီအတိုင်းပဲ ကော်မရှင်ကို တိုင်တဲ့ဟာကတော့ တစ်မှုတစ်လေကို ခေါ်ပြီးတော့ မေးတယ် သူတို့က ဒီဟာကို ကြေအေးချင်လား ပြန်ရုပ်သိမ်းချင်လား ခေါ်မေးတယ် ဒီဘက်ကတော့ မကြေအေးဘူး ပြန်မရုပ်သိမ်းဘူး သူတို့ကတော့ ဒီဟာကို ဆက်ပြီးတင်ပြပါ့မယ် ဒီလောက်ပဲပြောတယ် ဘာမှ အက်ရှင်ယူတာတော့ မရှိသေးဘူး” လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦးက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပြင် မွန်ညီညွတ်ရေးပါတီရဲ့ မဲရုံကိုယ်စားလှယ်တွေက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းတွေကို အမှုဖွင့်ထားတာတွေ ရှိနေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကိုတော့ မွန်ပြည်နယ်မှာ နိုင်ငံရေး ပါတီ ၁၆ ခုနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၅၇ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲရလဒ်တွေအရ တပြည်နယ်လုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD နဲ့ မွန်ညီညွတ်ရေးပါတီတို့ကသာ အနိုင်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.