မော်လမြိုင် ၊ ဒီဇင်ဘာ (၁၆)

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ရွေးကောက်ပွဲအသုံးစရိတ် (၇၆) သိန်းကျော် သုံးစွဲခဲ့တယ်လို့ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ ဒီဇင်ဘာလ (၂)ရက်နေ့မှာ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ မဲဆွယ်ကုန်ကျစရိတ်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

တင်ပြခဲ့တဲ့စာရင်းတွေအရတော့ ခရီးသွားလာစရိတ်တွေနဲ့ မဲရုံကိုယ်စားလှယ်အသုံးစရိတ်တွေ ၊ ကိုယ်စားလှယ်ပုံပါ အောင်နိုင်ရေး အကျီတွေနဲ့ အခြားကုန်ကျငွေတွေ ပါဝင်တာကို တွေ့ရပါတယ်။

မဲဆွယ်အသုံးစရိတ်အတွက်တော့ ဒေါက်တာအေးဇံမှ ကျပ်ငွေ (၂၅)သိန်း ကျခံခဲ့ပြီး NLD ပါတီ အဖွဲ့ချုပ်မှ ထောက်ပံ့ငွေ (၆)သိန်းခွဲကျော်နဲ့ NLD online ထောက်ပံ့ငွေအဖြစ် ကျပ် (၅၀၀၀၀) သုံးစွဲခဲ့တာကို စာရင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဝန်းရံသူတွေမှလည်း ဒေါက်တာအေးဇံရဲ့ မဲဆွယ်အသုံးစရိတ်အတွက် ထောက်ပံ့ပေးခဲ့ပြီး ပထမရိုးရိုးလေးကုမ္ပဏီလီမီတက်ဥက္ကဋ္ဌဖြစ်သူ ဦးနေထက်သိန်းနိုင်တို့ ဇနီးမောင်နှံမှ ငွေကျပ် (၂၇) သိန်း ၊ ကျိုက်ထိုမြို့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးရဲထွန်း ဒေါ်နီနီဝင်း ဇနီးမောင်နှံမှ  ငွေကျပ် (၁၀)သိန်း၊ မြင့်တင် PT Power ဆီဆိုင်မှ ငွေကျပ် (၅)သိန်း၊ ကျိုက်ထီးရိုးဈေးကော်မတီမှ ငွေကျပ်၂သိန်းခွဲ၊ ရတနာဟိန်း (ကျောက်ထုတ်လုပ်ရေး၊ မုပ္ပလင်)မှ ငွေကျပ် ၇သောင်းခွဲ၊ မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ငွေကျပ် (၄) သိန်းကျော် ထောက်ပံ့ပေးခဲ့တယ်လို့ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်း (၂၅၇) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆွယ်ကုန်ကျစရိတ်မတင်သူကတော့ (၇) ဦး ရှိပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.