မော်လမြိုင် ၊ ဒီဇင်ဘာ(၁)

အစိုးရအနေနဲ့ ကိုဗစ်-၁၉ ညွှန်ကြားချက် မလိုက်နာသူတွေကို တိတိကျကျ အရေးယူပေးဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မော်လမြိုင် ၊ ကျိုက်ထို နဲ့ ဘီးလင်းတို့ကို stay at home သတ်မှတ်ထားပေးမယ့် လူတိုင်း အပြင်ထွက်နေသလို အခါကြီးရက်ကြီးတွေမှာလည်း လူစုလူဝေးတွေ ဖြစ်ပေါ်နေတာပါ။

တစ်ဖက်မှာလည်း ပြည်နယ်အတွင်း covid-19 ကူးစက်မှုဟာ ပျံ့နှံ့နေပြီး နိုဝင်ဘာလအတွင်း ကူးစက်ခံရသူ (၅၀၀) နီးပါး ရှိပြီး ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရအနေနဲ့ စည်းကမ်းမလိုက်နာသူတွေကို တိတိကျကျ အရေးယူဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းလိုက်ပါတယ်။

“ပြည်သူလူထုကို ညှာတာပြီးတော့ Mask တပ်ဖို့ပဲ ပညာပေးပြီးတော့ အရေးယူမှုတွေ မလုပ်ဘူးပေါ့နော်၊အဓိကတော့ ဥပဒေပါပဲ၊ အများစုကတော့ ဥပဒေနဲ့ လုပ်မှပဲ ကြောက်ကြမယ်သဘော၊ အဲဒီတော့ Mask မတပ်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုအရေးယူမလဲ။ မလိုအပ်ဘဲ အပြင်ထွက်ရင် ဘယ်လိုအရေးယူမလဲ၊ ဒါမျိုးတွေကို လုပ်မှပဲ၊ ပြည်သူလူထုဆိုတာကလည်း ဥပဒေမြင်မှ ကြောက်ကြတဲ့သဘောပဲ၊ ကိုယ့်အသိပညာနဲ့ လိုက်နာနိုင်တဲ့လူတွေက ရှားလာတယ်။ အဲဒါတွေကို ပြန်လည်ပြုပြင်ပေးဖို့ ထိန်းသိမ်းပေးမှ အဆင်ပြေမယ် မြင်မိတယ်”လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနက ဒု-ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။

မွန်ပြည်နယ်အစိုးရအနေနဲ့ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပေးမယ့် သက်ရောက်မှုက အားနည်းနေတာပါ။

ဒါကြောင့် ပြည်သူတွေရဲ့ လိုက်နာမှုက ပေါ့လျော့နေပြီး နောက်ပိုင်းမှာ အစိုးရရဲ့ အမိန့်ညွှန်ကြားချက်တွေကို ဂရုမစိုက်တော့တာမျိုး ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

“ဆိုတာက အမိန့်တစ်ခုထုတ်ရင် အမနားလည်တာက အယုတ်အလတ်အမြတ်မရွေး ဒီအမိန့်အပေါ်ကို သက်ရောက်ရမယ်၊ ဘယ်ကိစ္စမဆို ဒီအပေါ်သက်ရောက်ရမယ်၊ အခုက သက်ရောက်ချင်တဲ့ နေရာမှာသက်ရောက်တယ်၊ သက်ရောက်ချင်တဲ့လူအပေါ်မှာ သက်ရောက်တယ်ပေါ့နော်၊ တချို့လွှတ်ပေးတဲ့နေရာလွှတ်ပေးနေကြတော့ နောက်ပိုင်းကြာရင် လူတွေကတော့ အစိုးရအမိန့်တွေ ဘယ်လိုပဲထုတ်ထုတ် သူတို့စိတ်ထဲဘယ်လိုနားလည်သွားလဲဆိုတော့ ထုတ်တော့ ထုတ်လိုက်တာပဲ၊ အရေးယူချင်မှ ယူမယ်၊ အရေးမယူချင် မယူဘူး၊ အဲလိုမျိုးတွေဖြစ်လာနိုင်တယ်၊ ဒီလိုပုံစံမျိုးတွေ ခဏခဏဖြစ်လာရင်ပေါ့နော်”လို့ မွန်ဒေသခံ မအေးအေးဇင်က ပြောပါတယ်။

မွန်ပြည်နယ်အတွင်း မော်လမြိုင် ၊ ကျိုက်ထို ၊ ဘီးလင်းတို့ကို ညမထွက်ရအမိန့် ပထမအကြိမ် ထုတ်ပြန်တဲ့ (၂)လတာ ကာလမှာတော့ စည်းကမ်းဖောက်ဖျက်သူ (၁၀၀)နီးပါးကို အရေးယူ ဆောင်ရွက်ခဲ့ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.