မော်လမြိုင်၊ အောက်တိုဘာ (၁)

ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ “လိုအပ်ရင်ယူ- ပိုရင်လှူ ” အစီအစဉ်နဲ့ မော်လမြိုင်မြို့မှာ နွေးထွေးသောရင်ခွင်အဖွဲ့မှ အခြေခံစားသောက်ကုန်တွေကို အခမဲ့ဖြန့်ဝေပေးနေပါတယ်။

အခြေခံစားသောက်ကုန်တွေဖြစ်ကြတဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နဲ့ အသီးအနှံတွေက အစ ဖြန့်ဝေပေးနေတာပါ။

အခုလို ကိုဗစ်ကာလမှာ စီးပွားရေးကြပ်တည်းလို့ အိမ်တွင်းအကြမ်းဖက်မှုမဖြစ်ပေါ်လအောင် ဆင်းရဲချို့တဲ့သူနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အခမဲ့ဖြန့်ဝေပေးတာ ဖြစ်တယ်လို့ ‌‌နွေးထွေးသော ရင်ခွင်အဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ပြောပါတယ်။

“ ဒီကိုဗစ်ကာလမှာ အလုပ်တွေပိတ်ထားတဲ့အခါကျတော့ ငွေဝင်တာ မရှိကြဘူး၊ အဲဒီတော့ စားဝတ်နေရေးအဆင်မပြေကြဘူး၊ ပြဿနာတွေက ပိုရှုပ်ထွေးလာနိုင်တယ်၊ နောက်မသားစုအတွင်း မှာပဲ အဆင်မပြေမှုတွေ ရှိလာမယ်၊ အဲဒါမျိုးတွေကို လျှော့ချချင်လို့ သူတို့တစ်နေ့စာအတွက် အဆင်ပြေစေဖို့ပါ”လို့ ဆိုပါတယ်။

ဒီလို ရပ်ကွက်တွေမှာ စားသောက်ကုန်တွေ ဖြန့်ဝေတဲ့အခါမှာ လူစုလူဝေးမဖြစ်အောင် ကျန်းမာရေး ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

“ ကျွန်တော်တို့စည်းကမ်းကဘာလဲဆိုရင် အဲဒီအိမ်ရှေ့အရောက်ရင် လှည်းရပ်မယ်၊ ပြီးရင် အိမ်ထဲက တစ်ယောက်ထွက်လာမယ်၊ ထွက်လာတဲ့သူက Mask မတပ်ထားရင် ချက်ချင်းကျွန်တော်တို့ပေးမယ် တပ်ခိုင်းပြီးမှ ယူမယ်၊ အများနဲ့ဆိုရင် လုံးဝကို မဝေဘူး၊ နောက်ပြီး ကျွန်တော်တို့ဝေတဲ့လူတွေက လည်း လက်အိတ်ကအစ ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ထားပါတယ်”လို့ ဆိုပါတယ်။

ယခုအစီအစဉ်ကို အဖွဲ့ရံပုံငွေဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့မှာ စတင်ခဲ့ပြီး အလှူရှင်များမှ ငွေကြေးလှူဒါန်းမှုများရှိလာလို့ ရေရှည်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

သတင်း – နွန်နွန်

ဓာတ်ပုံ – နွေးထွေးသောရင်ခွင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.