stay at home သတ်မှတ်ထားသည့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်

မော်လမြိုင်၊ အောက်တိုဘာ၊ ၁

မွန်ပြည်နယ်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်ခဲ့သူ(၉)ဦးကို အလုပ်လက်မဲ့  ထောင်ဒဏ် တစ်လ အရေးယူထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ မော်လမြိုင်မြို့၊ ဘီးလင်းမြို့နဲ့ ကျိုက်ထိုမြို့တို့မှာ ည (၁၂)နာရီ ကနေ မနက် (၄)နာရီအထိ ညမထွက်ရ အမိန့်တွေကို ထုတ်ပြန်ထားတာပါ။

အခုလို ညမထွက်ရအမိန့်တွေကို ဖောက်ဖျက်ခဲ့တဲ့ ဘီးလင်းမြို့နယ်က (၂)ဦးနဲ့ မော်လမြိုင်မြို့ က (၇)ဦးတို့ကို နေ့ချင်းပဲ တရားစွဲပြီး အလုပ်မဲ့ ထောင်ဒဏ်တစ်လ အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

” ပထမနေ့က ၄ ယောက်၊ နောက် ၃ ဆိုရင် ၇ ယောက်ရှိတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အမိန့်ချတာ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့ပေါ့၊ အင်္ဂါနေ့မှာ အမိန့်ချတာ ၄ ယောက်၊ ဗုဒ္ဓဟူးနေ့မှာ အမိန့်ချတာ ၃ ယောက်၊ တားမြစ်အမိန့်ကို မလိုက်နာမှုနဲ့၊ အရေးယူတာတော့ အလုပ်မဲ့ ထောင်ဒဏ် ၁ လပေါ့”လို့ မော်လမြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း က ပြောပါတယ်။

ပြည်သူတွေအနေနဲ့ အခုလို သတ်မှတ်ကာလမှာ မဖြစ်မနေ ထွက်ရမယ်ဆိုရင် သက်ဆိုင်ရာကို ကြိုတင်အကြောင်းကြားဖို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တိုက်တွန်းလိုက်ပါတယ်။

“ကိုဗစ်ကာလကတော့ အခက်အခဲက လူတိုင်းမှာ ရှိတာပါပဲ၊ ဒီကာလမှာတော့၊  စားရေးသောက်ရေးလည်း ခက်ခဲမယ်။ Quarantine စခန်းဝင်နေတဲ့သူလဲ ခက်ခဲမယ်၊ ဒါပေမယ့်လည်း အကုန်လုံး ဝိုင်းဝန်းပြီးတော့ တစ်ပတ်၊ ဆယ်ရက်လောက် သည်းခံပြီးတော့ ဒီအတိုင်းလေးပဲ ဖြတ်ကျော်သွားကြရင် ပြီးသွားမှာပါ”လို့ ဟု  ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋ်က ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၃၀ ရက်ည ထုတ်ပြန်ချက်အထိ စာရင်းတွေအရဆိုရင် မွန်ပြည်နယ်မှာ ပိုးတွေ့လူနာ ၂၇၇ ဦးအပါအဝင် သေဆုံးသူက ၄ ဦးအထိရှိလာပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.