မော်လမြိုင်၊ စက်တင်ဘာ၊ ၂၅

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် မွန်ပြည်နယ်အတွင်းက မဲရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ ပညာရေးဝန်ထမ်း ၁၅၀၀၀ ကျော်ကို အသုံးပြုသွားဖို့ လျာထားတယ်လို့  မွန်ပြည်နယ်ပညာရေးမှူးက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ မဲရုံ (၉၇၃) ရုံ ဖွင့်လှစ်သွားဖို့ စီစဉ်ထားပြီး အာ့ဒီအထဲမှာ အခြေခံပညာကျောင်းပေါင်း (၈၄၅)ကျောင်းလည်း ပါဝင်ပါတယ်။

အဆိုပါ မဲရုံတွေမှာ မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ဖို့ ပညာရေးဝန်ထမ်း (၉၈၅) ဦး ၊ ဒုမဲရုံမှူးအနေနဲ့ (၉၅၅) ဦးနဲ့ အဖွဲ့ဝင်အနေနဲ့ (၁၃၇၁၇) ဦးကို လျာထားတယ်လို့ ဆိုပါတယ်။

အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ကိုဗစ်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းတွေက ရွေးကောက်ပွဲကျင်းပမယ့်ရက်အတွက် အထောက်အကူဖြစ်စေတယ်လို့ မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောပါတယ်။

“ကိုဗစ်ကို ဒုတိယလှိုင်းအနေနဲ့ အားလုံး ကြုံတွေ့နေရတယ်ပေါ့၊ ကိုဗစ်ကာလဖြစ်ဖြစ်၊ ရွေးကောက်ပွဲကာလဖြစ်ဖြစ်ပေါနော် လောလောဆယ်ဆယ် တော့ အားလုံးက ကိုဗစ်ကို အားလုံးစိတ်ပူပန်ကြတယ်၊ ကျောင်းတွေမှာ ကြိုတင်ကာကွယ်တဲ့စနစ်တွေကို လက်ဆေးဘေစင်ကအစ ကြိုတင်ပြင်ဆင်ထားတာ ရှိပြီးသားပါ။ ဆရာမတွေကိုတော့ အပူချိန်တိုင်းတာတွေကအစပေါ့၊ ဒီပစ္စည်းတွေကတော့ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲနေ့အတွက်ကို မျှဝေသုံးစွဲ သွားမယ်”လို့ ဆိုပါတယ်။

ယခုလို ကိုဗစ်ရောဂါပိုးတွေ့ရှိမှု အဆမတန်များပြားလာတဲ့အခြေအနေမှာ မဲရုံမှာ မိမိအတွက် စိတ်ချရတဲ့ လုံခြုံမှု အခြေအနေမရှိရင် သွားရောက် တာဝန်မထမ်းဆောင်ချင်ဘူးလို့ အမည်မဖော်လိုတဲ့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

” ကျွန်မတို့ ဝန်ထမ်းတွေအတွက် လုံခြုံမှုမရှိဘဲ မဲရုံမှာ သွားမလုပ်ချင်ဘူး၊ အဲဒီနေ့ဆို လူတွေအများကြီးလာကျမှာ ပိုးရှိ၊ မရှိလဲ မသိဘူး၊ ပိုးသာကူးခဲ့ရင်တော့ ကျွန်မအိမ်က အသက် ၈၀ ကျော် အဖေအမေနဲ့ ကျွန်မသားသမီးတွေကလည်း ငယ်သေးတယ်။ ဒီလိုပြောလို့ ကျွန်မတို့အပြင် ရှေ့တန်းက ကူညီနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခြားအဖွဲ့အစည်းက လူတွေကိုလည်း ကိုယ်ချင်းစာပါတယ်။ ကျွန်မ‌ဖြစ်ချင်တာ ရွေးကောက်ပွဲနေ့မှာ ကျွန်မတို့လို မဲရုံမှာ တာဝန်ယူရမယ့်သူတွေအတွက် ထိရောက်တဲ့ ကာကွယ်မှုမျိုး လိုချင်တာလောက်ပါပဲ”လို့ ဆိုပါတယ်။

 ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်မှာ မဲရုံ(၉၇၃)ရုံလျာထားပြီး ပထမအကြိမ် မဲပေးမယ့် လူငယ်( ၁ )ကျော်အပါအဝင် မဲပေးခွင့်ရှိသူ ၁၇ သိန်း ၆ သောင်းကျော်ရှိတယ်လို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.