မော်လမြိုင် ၊ ဇူလိုင် (၃၁)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်သည်အထိ အောင်မြင်မှုတွေ ရလိမ့်မယ်လို့ USDP ပါတီ မွန်ပြည်နယ် အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောပါတယ်။

ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို လွန်ခဲ့တဲ့ (၄)လ ကတည်းက ရွေးချယ်ထားပြီး ဖြစ်ပေမယ့် ပါတီဗဟိုရဲ့ ခွင့်ပြုချက်မရသေးတာကြောင့် လူထုကို အသိမပေးသေးတာလို့ ဆိုပါတယ်။

ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာလည်း ပါတီအောင်နိုင်ရေးအတွက် စွမ်းဆောင်နိုင်မယ့်သူ နဲ့ ပြည်သူတွေ လက်ခံတဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်ထားတာကြောင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲလို ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“၂၀၁၅ ပုံစံလိုဖြစ်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်တယ် ဘာလို့လဲဆိုတော့ တစ်ဖက်မှာလည်း တိုင်းရင်းသားပါတီတွေ ပေါင်းစည်းနေပြီ။ သူတို့လည်း အားကောင်းလာတယ် ပြည်သူတွေလည်း အမြင်တွေ ပြောင်းလာပြီး။ဒီအပတ်မှာတော့ အစိုးရဖွဲ့နိုင်တဲ့အထိ အောင်မြင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်” လို့ ဦးဝင်းမော်ဦးက ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အတိုက်အခံပါတီတွေဟာ အာဏာရပါတီနဲ့ သာတူညီမျှ အခွင့်အရေး မရဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေကတော့ ပါတီကြီးတွေဟာ အစိုးရဖွဲ့နိုင်ဖို့အတွက်သာ အဓိက အာရုံထားနေပြီး အစိုးရဖွဲ့နိုင်မယ်လို့ ကြွေးကြော်မှုတွေဟာ လက်တွေ့မကျဘူးလို့ ဆိုပါတယ်။

“ပါတီကြီးတွေက သမ္မတတင်မြောက်နိုင်ဖို့အတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုပဲ အာရုံစိုက်နေကြတယ်။ ပြည်နယ်လွှတ်တော်ကို ပါတီကြီးတွေ အာရုံမစိုက်တာ တွေ့ရတယ် ။ USDP ရော NLD ရော အစိုးရဖွဲ့နိုင်မယ်လို့ ကြွေးကြော်နေမှုက လက်တွေ့နဲ့ အလှမ်းဝေးနေပါတယ်”လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ဦးမင်းမင်းနွယ်က သုံးသပ်ပြောဆိုထားပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ NLD ပါတီနည်းတူ USDP ပါတီလည်း နိုင်ငံတစ်ဝှမ်းက မဲဆန္ဒနယ် အတော်များများကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.