မွန်ပြည်နယ် ဘောလုံးဆပ်ကော်မတီက ကျင်းပသောမန်းရွှေမြို့တော်ဖလား အသက်(၁၇)နှစ်အောက် အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲကို မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ဦးထွန်းဌေး ၊ဒေါက်တာထိန်လင်း ၊ ဦးမျိုးဟိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါမန်းရွှေမြို့တော်ဖလားအလွတ်တန်းဘောလုံးပြိုင်ပွဲတွင် အသင်း(၁၅)သင်းပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး ပထမဦးဆုံးပွဲစဉ်အဖြစ် အာကာသိပ္ပံကိုယ်စားပြု LSPE အသင်းနှင့် မြန်မာနိုင်ငံဘောလုံးအသင်းချုပ် ကိုယ်စားပြု Phinex အသင်းတို့ယှဉ်ပြိုင်ကစားကြမည်ဟုသိရသည်။

အဆိုပါဘောလုံးပြိုင်ပွဲကို မွန်ပြည်နယ်ဘောလုံးဆပ်ကော်မတီက ကျင်းပသော်လည်း မန်းရွှေမြို့တော် ခရီးသွားကားလုပ်ငန်းမှ စပွန်စာပေးအပ်ထားသောကြောင့် မန်းရွှေမြို့တော်ဖလားဟု အမည်ပေးထားခြင်းဖြစ် ကြောင်း မွန်ပြည်နယ် ဘောလုံးဆပ်ကော်မတီဥက္ကဌ ဦးကျော်မင်းအောင်က ပြောသည်။

“အသက်၁၇နှစ်အောက်လို့ သတ်မှတ်ထားပေမယ့် အသက်မှီတဲ့ လက်ရွေးစင်ကစားသမားတွေကို လည်း ပါဝင်ကစားခွင့်ပေးထားတယ်။ ရပ်ဝေးက ကစားသမားတွေကို နေစားရိတ်စားစရိတ် စီစဉ်ပေးမယ်။ ဒေသခံကစားသမားတွေအတွက်တော့ မစီစဉ်ထားပါဘူး”၎င်းက ဆက်လက်ပြောသည်။

အဆိုပါအလွတ်တန်းဘောလုံးပြိုင်ပွဲတွင် ရန်ကုန်အားကာသိပ္ပံ၊ မန္တလေးအားကာသိပ္ပံ၊ တောင်ကြီး အားကာသိပ္ပံ၊ မော်လမြိုင်အားကာသိပ္ပံ၊ ဟံသာဝတီလူငယ်အသင်းများအပြင် ဒေသခံအသင်းများဖြစ်သည့် သံဖြူဇရပ်လူငယ်များအသင်း၊ ချောင်းဇောက်အသင်း၊ လင်းယုန်မိုးကောင်းကင်အသင်း၊ မုဒုံအသင်း၊ မျိုးဆက် သစ်အသင်း၊ မုတ္တမရွှေမြို့တော်အသင်း၊ ထွန်းတောက်ကြယ်အသင်းတို့က ပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်။

အဆိုပါပြိုင်ပွဲ၏ ဆုကြေးကို ပထမဆုကျပ်သိန်း (၃၀) ၊ဒုတိယဆု ကျပ်သိန်း (၂၀)၊ ပူးတွဲတတိယဆု အဖြစ် ကျပ်(၅သိန်း)စီချီးမြင့်မည်ဖြစ်ကြောင်း သိရသည်။
image5
သတင်း – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.