ပေါင်၊ နိုဝင်ဘာ ၆
ပြည်သူ့အသံသိစေရန်အတွက် ပေါင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များစုပေါင်းပြီး ပြည်သူများနှင့်တွေ့ဆုံပွဲကို နိုဝင်ဘာ(၆)ရက်နေ့တွင် ပေါင်မြို့နယ်၊ ကဒုံစီး တိုက်ကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

“လွှတ်တော်ရဲ့လုပ်ငန်းသဘောတရားကို ပြည်သူကိုသိစေချင်တယ်။ ပြည်သူရဲ့အသံကိုလည်း တရားဝင်ပြန်သိချင်တယ်။ ဒီလိုအခမ်းအနားလုပ်ဖို့က (၄) ယောက်လုံးအားအောင် အချိန်ညှိနေရလို့ နည်းနည်းနောက်ကျသွားတာပါ။ အချို့မြို့နယ်တွေပြီးပြီ။ အချို့မြို့တွေလည်းမလုပ်ရသေးဘူး “ ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် ၁၀ မှ ဦးစိုးသီဟ ကသံလွင်တိုင်းမ်သို့ပြောဆိုခဲ့သည်။

အခမ်းအနားသို့ ပြည်သူ(၂၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အတွေ့အကြုံများရှင်းလင်းခဲ့ကာ ပြည်သူများကလည်း လက်ရှိ ဖြစ်ပေါ်နေသောအခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။ 

ပြည်သူများ၏ တင်ပြချက်များတွင် မြေယာပြသနာများကိစ္စ၊ ကျေးရွာမီးလင်းရေးကော်မတီများ၏ပွင့်လင်းမြင်သာမှုမရှိသည့် ငွေကြေးသုံးစွဲမှုကိစ္စ၊ ကျောက်မိုင်းကိစ္စ၊ မှတ်ပုံတင်ပြုလုပ်ရာတွင် အခက်အခဲကြုံတွေ့နေရခြင်းကိစ္စ၊ ကျုံဟော်ကျေးရွာမှ လယ်သမားအချို့ စိုက်စရိတ်ချေးငွေမရသည့် ကိစ္စ၊ ဖွံ့ဖြိုးရေး လုပ်ငန်းဘတ်ဂျက်များ ပွင့်လင်းမြင်သာခြင်း မရှိခဲ့ခြင်းကိစ္စ၊ ယခင် သမဆိုင်နေရာများ တွင်မြို့နယ်သမဦးစီးက အိမ်လခဖြင့် မိသားစုအချို့ကို နေထိုင်ခွင့်ပြုထားပြီး ထိုနေရာများတွင် ပြည်သူ အ ကျိုးရှိမည့်ကိစ္စ ဆောင်ရွက်သင့်သည့် ပြဿနာများနှင့် ကျေးရွာလိုအပ်ချက်များအား တင်ပြခဲ့ကြသည်။

“လွှတ်တော်နားချိန်တွေမှာ ဒီလိုပဲတွေ့ဆုံမှုတွေလုပ်စေချင်တယ်။ အကျိုးအမြတ်အနေနဲ့က ပြည်သူနဲ့ပိုပြီးနီးကပ်စွာထိတွေ့ ကြရလို့ သိသင့်တာတွေသိသွားနိုင်သလို ကူညီပေးနိုင်တာကိုလည်း လုပ်ပေးသွားနိုင် ကြမယ်လို့မျှော်လင့်ပါတယ်“ဟု ကဒါရပ်ကွက်နေ ကိုအောင်ကိုနိုင်က သံလွင်တိုင်းမ်သို့ ပြောသည်။

သတင်း – ဝရဇိန် (ပေါင်) ပုံမပါ