ပေါင်မြို့နယ်အတွင်း အသက်၁၆နှစ်ဝန်းကျင် သက်ငယ် မိန်းကလေးပျောက်ဆုံးမှု ဆက်တိုက် ဖြစ်ပွား နေပြီး ရဲစခန်းများသို့ လူပျောက်တိုင်ကြားခြင်းများရှိနေကြောင်း ပေါင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။  

အင်တာနက် ဖေ့ဘုတ် အသုံးပြုသူမိန်းကလေးများအား ရင်းနှီးအောင်ပြုလုပ်ပြီး တစ်နေရာတွင် တွေ့ဆုံ ရန် ချိန်းဆိုမှု ပြုလုပ်ကာ ရပ်ဝေးဒေသများသို့ခေါ်ယူသွားပြီး သားမယားအဖြစ် ပေါင်းသင်းမှုများရှိနေခြင်း၊ အသက်မပြည့်သူကို ခိုးယူပေါင်းသင်းမှုကြောင့် တည်ဆဲဥပဒေအရ အရေးယူ ခံရမှုများရှိနေကာ စုံစမ်းဖေါ်ထုတ် မရသေးသော မိန်းကလေးပျောက်ဆုံးမှုများလည်း ရှိနေသေးသည်ဟုသိရသည်။

“ကျွန်တော်တို့စခန်းအပိုင်မှာတော့ ၂၀၁၆ နှစ်စကနေ ဒီနေ့အထိလူပျောက်မှု (၉) ခုလာတိုင်ထား တယ်။  (၆)မှုကို ကူညီစုံစမ်းရရှိခဲ့လို့ မိဘဆီပြန်အပ်ပေးခဲ့တယ်။  အချို့မိဘတွေကတော့ သူ့သမီးရဲ့ အသက် မပြည့်တာဆိုတော့ ခေါ်သွားတဲ့ လူကို ဥပဒေအရ အမှုတိုင်ကြားထားတာလည်းရှိပါတယ်“ ဟု မုတ္တမ နယ်မြေ ရဲစခန်းမှုး ရဲအုပ်သိန်းလွင်က အောက်တိုဘာ ၂၅ ရက်နေ့က သံလွင်တိုင်းမ်သို့ ပြောဆိုခဲ့သည်။

ယခုရက်ပိုင်းအတွင်း မုတ္တမမြို့မှ အသက်(၁၆)နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်သည့် မဆန်းဆင့်ဆင့် ထွန်း ပျောက်ဆုံးနေမှုအား ရဲက စုံစမ်းစဉ် ကျိုက်မရောမြို့နယ်ရန်မျိုးအောင် ၅ ရပ်ကွက်မှ အောင်မျိုးနိုင်ဆိုသူ ခိုးယူပေါင်းသင်းနေကြောင်း တွေ့ရသဖြင့် မိန်းကလေး၏ အုပ်ထိန်းသူမှ  ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃/၃၆၆ တို့အရ အရေးယူထားခြင်း၊ ပေါင်မြို့ ကဒုံစီးရပ်ကွက်မှ အသက် ၁၆ နှစ်အရွယ် မအေးမြတ်မွန်နှင့် မမိငယ်တို့ နှစ်ဦး ပျောက်ဆုံးမှုအား ကျိုက်ထိုမြို့မှ လူငယ် နှစ်ဦးလာရောက်ခေါ်သွားကြောင်း သတင်းအရ ပေါင်ရဲစခန်းက ရဲအုပ်သက်စိုးဦးနှင့်အဖွဲ့က ကူညီစုံစမ်းပြန်လည်ခေါ်ယူလာနိုင်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက်နေ့က မိဘများ ထံပြန်လည်အပ်နှံပေးနိုင်ခဲ့သည်။

ပေါင်မြို့နယ် မိုးနိုင်းရပ်ကွက်မှ မအေးသက်နွယ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ကော့သောင်းမြို့သို့ ရောက်နေကြောင်း သတင်းရထားသော်လည်း ၎င်း၏ လက်ကိုင်ဖုန်းအား အခြားသူတစ်ဦးကကိုင်ထားကြောင်း ဆက်သွယ်ရာမှသိရပြီး တိကျသော အဖြေမရသေးကြောင်းသိရသည်၊ ထို့နည်းတူပင် မုတ္တမ ရဲစခန်းအပိုင်မှ လူပျောက်မှု (၉)မှုအနက် (၃)မှုကို စုံစမ်းရရှိမှုမရှိသေးကြောင်းသိရသည်။

မိန်းကလေးငယ်များပျောက်ဆုံးနေမှုအား ထပ်မံမဖြစ်ပေါ်စေရေးအတွက် ပေါင်မြို့နယ်ရဲတပ်ဖွဲ့သို့ အစီအမံမည်သို့ရှိကြောင်းမေးမြန်းခဲ့ရာ “ခေတ်ကာလအရ မိန်းကလေးတွေက ဆယ်ကျော်သက်အရွယ်မှာပဲ စိတ်ကစားလာကြတယ်။ မိဘတွေအနေနဲ့သူတို့ရဲ့ ပြောင်းလဲလာမှုကိုဂရုတစိုက် စောင့်ကြည့်ပြီး ထိန်းကျောင်း သင့်တယ်။ အကယ်၍ သမီးမိန်းကလေးပျောက်ဆုံးတယ်ဆိုရင်လည်း အချိန်နဲ့တပြေးညီ နီးစပ်ရာရဲစခန်းကို ချက်ချင်းတိုင်ဖို့လိုတယ်။ ရဲစခန်းချင်းချိတ်ဆက်ပိတ်ဆို့နိုင်အောင်လို့ပါ။ မှုခင်းကျဆင်းရေးဟောပြောပွဲတွေမှာ လည်း ထည့်သွင်းဟောပြောကြဖို့တိုက်တွန်းချင်တယ်။ အသစ်ပြောင်းလဲပြဌာန်းထားတဲ့ဥပဒေတွေအရ မိန်း ကလေးရဲ့ အသက်က ၁၆ နှစ်အောက်ကို ခိုးယူပေါင်းသင်းရင် မုဒိမ်းမှု၊ ၁၈ နှစ်အောက်ဆိုရင် အရွယ်မရောက် လူခိုးမှု ဖြစ်နေတယ်။ ယောင်္ကျားလေးတွေကလည်း ဒီအချက်ကိုသတိထားဖို့လိုတယ်“ ဟု ခေတ္တမြို့နယ်ရဲတပ်ဖွဲ့ မှုး ဒုရဲမှုး မိုးကျော်ဦးက ရှင်းပြခဲ့သည်။

ပေါင်မြို့နယ်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှစ၍ မိန်းကလေးငယ်များပျောက်ဆုံးမှု ရဲစခန်းသို့ တိုင်ကြား ခြင်း (၁၅) မှုရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသော်လည်း ရဲကိုတိုင်ကြားမှုမရှိသော အမှု ဖြစ်စဉ်များလည်း ရှိနေကြောင်းသိရသည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.