မော်လမြိုင်၊ အောက်တိုဘာ ၂၀

မွန်ပြည်နယ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းပြီး စီးပွားရေး စွမ်းရည်မြှင့်တင်မည့် စီမံကိန်းကို ပြုလုပ်မည်ဖြစ်ကြောင်း ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

ကျိုက်ထိုမြို့နယ်၊ မုဒုံမြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့တွင် ဆင်းရဲနွမ်းပါးသူများ အလုပ်အကိုင်အခွင့်ရေးရရှိရန်၊ ဒေသထုတ်လုပ်သည့် လက်မှုပညာများနှင့် စားသောက်ကုန်ပစ္စည်းများကို နည်း ပညာများပေးခြင်းနှင့် အရည်အသွေးမြှင့်တင်ပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

“ဒီမြို့လေးမြို့နယ်မှာလုပ်ဖို့ ၂၀၁၅ ခုနှစ်က ကွင်းဆင်းလေ့လာခဲ့တယ်။ ဒီစီမံကိန်းလုပ်ငန်းလုပ်ဖို့ အာရှ ဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာသုံးသန်း ထောက်ပံ့ပေးတယ်။ လုပ်မယ့် မြို့နယ်တွေမှာ ရုံးခန်းတို့ ဘာတို့ လုပ်နေပြီး နောက်လာမယ့် ဘတ်ဂျက်နှစ်မှ အကောင်အထည်ဖော်ဖြစ်မယ်“ ဟု မွန်ပြည်နယ် ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောသည်။

ကျန်ရှိသည့် ခြောက်မြို့နယ်တွင် အလှုငွေရရှိပါက ထို့စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဟောက်ကျင်မုန်က ဆိုသည်။ ထို့စီမံကိန်းကို အကောင်အထည်ဖော်ဆောင် ရွက်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ၂၀၁၆ ခုနှစ် မေလ ၁၇ ရက်နေ့က လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

“ ချောင်းဆုံမြို့နယ်က ကျောက်သင်ပုန်လုပ်ငန်း၊ ဆေးတံ လုပ်ငန်း၊ ဝါးခမောက်လုပ်ငန်းတွေကို နိုင်ငံ ခြားသားအများဆုံး စိတ်ဝင်စားတယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေကို နိုင်ငံတကာ နည်းပညာ အဆင့်မြင့်တင်လိုက် ရင် ကမ္ဘာထိ ထိုးဖောက်နိုင်တယ်“ ဟု ဝါးခမောက်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ဇန်နဝါရီလ မှ စက်တင်ဘာလအထိ နိုင်ငံခြားသား ခရီးသွားဧည်သည် ဝင်ရောက်မှု ဆယ့်နှစ်သိန်းကျော်ရှိပြီး ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံသား အများဆုံး လာရောက်ခြင်းခဲ့ကြောင်း ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားရေးမှု ဦးစီဌာနရုံးမှ သိရသည်။

သတင်း – နဒီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.