ကြိုးစားနေတဲ့ လူငယ်တွေအဖို့ အောင်မြင်မှုနောက်ကို လိုက်စရာမလိုလောက်ပါဘူး။ ကိုယ်သာလျှင် အမြဲတမ်းနိုးကြား ကြိုးစားနေမယ်ဆိုရင် အောင်မြင်မှုက ကိုယ့်အနောက်ကို လိုက်ပါလာမှာပါ။
တင်ဆက်သူ – TU Arkar Min
မေး – အခုလက်ရှိကစားနေတဲ့ ဘောလုံးအသင်းနဲ့ အရင်က ကစားခဲ့တာလေးတွေလည်းပြောပြပါ။
ဖြေ – အခုလက်ရှိက ရှမ်းယူနိုက်တက်မှာ ကစားနေပါတယ်။ အရင်က ဧရာဝတီအသင်းမှာ ကစားခဲ့ ပါတယ်။ အဲ့ဒီကနေ ပိုအောင်မြင်လာအောင်လို့ နောက်ကနေ ပံ့ပိုးပေးမှု အားကောင်းတဲ့ ရှမ်းယူနိုက် တက်မှာ ကစားဖို့ဆုံးဖြတ်ခဲ့တယ်။
မေး – ဒီလိုနောက်တန်းကစားကောင်း တစ်ယောက်ဖြစ်လာဖို့အတွက် ဘယ်လိုတွေ ကျော်ဖြတ်ခဲ့ရလဲ။ ဘယ်လိုချိတ်ဆက်ပြီး စတင်လျှောက်လှမ်းခဲ့တာလဲ။
ဖြေ-၂၀၁၁ ခုနှစ်မှာ အားကစားသိပ္ပံမှာ လူငယ်တွေ မွေးတဲ့အချိန် အဲ့ဒီကိုရောက်ခဲ့တယ်။ အဲ့ဒီမှာ (၃) လ လောက်နေခဲ့တယ်။ ဧရာဝတီအသင်းမှာ လူရွေးလုပ်တဲ့အချိန်နဲ့ ဆုံတော့ ဧရာဝတီအသင်းရဲ့ လူရွေးပွဲမှာ ပါတယ်။ အဲ့ဒီမှာ ကစားရင်းနဲ့ U 19, U 20, U 21 တို့ဆီ ရောက်တယ်ပေါ့နော်။
မေး- အခုလက်ရှိ လူငယ်တွေက ဘောလုံးဝါသနာပါလို့ အားကစားသိပ္ပံမှာ သွားရောက်သင်ကြား ချင်တယ်ဆိုရင် သူတို့ ဘယ်လိုရွေးချယ်လဲဆိုတာလေး ပြောပြပါ။
ဖြေ-သူတို့က တစ်နှစ်ကို တစ်ကြိမ် နှစ်တိုင်း လူရွေးချယ်တယ်။ အနယ်နယ်အရပ်ရပ်က လူငယ်တွေ လာပြီး အရွေးခံတယ်။ ကျွန်တော်က ကြံခင်းကဆိုတော့ ရန်ကုန်တက်ပြီး အရွေးခံတော့ ပါသွား တယ်ပေါ့နော်။ သူတို့သတ်မှတ်ထားတဲ့ အရည်အချင်း ပြည့်ရင်တော့ ရွေးခံရပါတယ်။
မေး- ဒီလိုအားကစား သမားဖြစ်လာဖို့ အရင်ကရော စိတ်ကူးခဲ့တာတွေ ရှိလား။
ဖြေ- ငယ်ငယ်လေးကတည်းက ဝါသနာပါခဲ့တာပါ။ (၄)တန်းလောက်ကတည်းက ကျောင်းပွဲတွေမှာ ဝင်ပြိုင်တာတွေတော့ရှိပါတယ်။ လူတိုင်းကတော့ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးပေးဆပ်ချင် ကြတာချည်းပါပဲ။ အားကစားမှ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် နိုင်ငံခြားနဲ့ ကစားဖို့ ရည်ရွယ်ခဲ့တာပါ။
မေး-ပြည်တွင်းပြည်ပ အားကျရတဲ့ကစားသမားတွေကရော ဘယ်သူတွေလဲ။
ဖြေ- ကိုစိုးမြတ်မင်းကို သဘောကျပါတယ်။ လက်ရှိ ကျွန်တော်တို့ ရှမ်းယူနိုက်တက်အသင်းရဲ့ နည်းပြချုပ်လည်းဖြစ်တယ်။ သူ့ရဲ့ နေပုံထိုင်ပုံ စည်းကမ်းပိုင်းက အစ သဘောကျပါတယ်။ ပြည်ပမှာ စီရော်နယ်ဒိုရဲ့ ကြိုးစားမှုကိုကြိုက်တယ်။
မေး – ကစားသမားဘ၀ အခက်ခဲတွေ ရှိရင်လည်းပြောပြပါ။
ဖြေ – အားကစားသိပ္ပံရောက်တယ်။ အတွေ့အကြုံတွေရအောင် ဘောလုံးပွဲတိုင်းလျှောက်ကန်တယ်။ ကျွန်တော်တို့ လစာ (၈)သောင်း၊ (၁)သိန်းစ ရတဲ့အချိန်ကဆိုရင်တော့ တော်တော်လေး အဆင်ပြေ အောင် နေခဲ့ရတယ်။
မေး – ငွေရေးကြေးရေအပြင် ကစားသမားတွေအတွက် တခြားခံစားခွင့်တွေ ရောရှိမလား။
ဖြေ- ခံစားခွင့်ကတော့ အများကြီးပါ။ သူကြိုးစားရင် ကြိုးစားသလောက်တော့ ရပါတယ်။ သူကြိုးစားရင်သူ့အတွက် အခွင့်အရေးတွေ များလာမယ်။
မေး – အစ်ကို့အနေနဲ့ တခြား ဘယ်တိုက်စစ်မှူးတွေနဲ့ တွဲကစားရတာ အဆင်ပြေလဲ။
ဖြေ – နိုင်ငံကိုယ်စားပြုတွေ ကစားရတာတော့ တိုက်စစ်မှူး အောင်သူနဲ့ ကစားရတာ အဆင်ပြေ တယ်။ အောင်သူက ကစားသမားကောင်းတစ်ယောက်ပါ။ ရှေ့တန်းကစားသမားတွေ ကောင်းနေရင် နောက်တန်းသမားတွေအတွက် ပိုအဆင်ပြေတာပေါ့။
မေး – အခုလက်ရှိ ဘောလုံးကို စကစားမယ့် လူငယ်တွေအတွက် အစ်ကို့ရဲ့ အတွေ့အကြုံကိုလည်း ဝေမျှပေးပါ။
ဖြေ – ဒီလောကထဲ စဝင်တာ့မယ်ဆိုရင် ပညာရေးဘက်မှာလည်း မဆုံးရှုံးစေချင်ဘူး။ ကစားသမား တော်တော်များများက (၉)တန်း (၁၀) တန်းတွေနဲ့ ကျောင်းထွက်ကြတာတွေ ရှိတော့ ပညာရေးဘက် မှာတော့ မစွန့်လွှတ်စေချင်ဘူး။ ကိုယ့်ဘဝတိုးတက်ဖို့ ဘောလုံးတစ်ခုထဲကိုပဲ ခြေစုံဝင်တာမျိုး မလုပ်ဘဲ ပညာဘက်ပါတွဲပြီး လုပ်သွားဖို့ပြောချင်ပါတယ်။
မေး – လူငယ်တွေအနေနဲ့ ဒီလောကထဲ ဝင်မယ်ဆိုရင် ဆောင်ရန်ရှောင်ရန်လေးတွေလည်း ပြောပြ ပေးပါ။
ဖြေ – အဓိကကတော့ ဖြစ်ချင်စိတ်ပါပဲ။ ဆရာသမားတွေ ရိုသေပြီး ကောင်းတဲ့ အတုကိုပဲ ယူပါ။ ကျွန်တော်လည်း ဖြစ်ချင်စိတ်တွေ များပြီး ကြိုးစားခဲ့လို့ အခုလောက်ထိ ဖြစ်ခဲ့တာပါ။ ဒါကြောင့် သူများတွေထက် သာချင်ရင် ဖြစ်ချင်စိတ်လေးထည့်ပြီး သူများထက်ပိုကြိုးစားဖို့ မှာချင်ပါတယ်။
သံလွင်တိုင်းမ်ရဲ့ စာဖတ်ပရိတ်သတ်များလည်း အောင်မြင်နေသူတွေရဲ့ အတွေ့အကြုံတွေကို သိရှိပြီး အောင်မြင်မှုတွေ အတွက် ကြိုးစားနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ပတ် လူငယ့် ရှုထောင့် ကဏ္ဍမှာ ဘယ်လိုအောင်မြင်နေတဲ့ လူငယ်တွေ အကြောင်းကို တင်ဆက်ပေးသွားမလဲ ဆိုတာ ဆက်လက်စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။