ဘဝက တိုတောင်းလှသည်ဆိုလျှင် နေ့စဉ်ဖြတ်သန်းနေမှုက ရှည်လျားသည်ဟု ဆိုချင်သည်။ ဒုက္ခတွေ ကြားက ရှင်သန်ထမြောက်ရတဲ့သူတွေအဖို့ အခက်အခဲက ခရီးရှည်လှသည်။
နေ့စဉ်ဒုက္ခတွေကို ဖောက်ထွက်ကြသည်လားမသိ။ မကြာခဏဆိုသလို အမှုအခင်းတွေစုံလင်လှစွာဖြင့် ပီဘိနိုင်ငံကြီးမှာ ဒုက္ခတွေပေါ်ဒုက္ခတွေဆင့်ကုန်ကြသည်။
ယနေ့ မီဒီယာကြီးတစ်ခုမှ အင်တာဗျူးလာလုပ်သည်။ အမှုအခင်းတွေဘာကြောင့်အဖြစ်များသလဲ။ ရိုးရိုးလေးသာတွေးမိသည်။ ရသခံစားမှုအားနည်းသဖြင့် ဖြစ်ရသည်ဟု အတိုချုပ်သာ ဆိုချင်သည်။
နိုင်ငံသားတွေဖြတ်သန်းခဲ့သည့် ခရီးရှည်သည် ပန်းခင်းလမ်းမဟုတ်ပါ။ ဆူးခင်းလမ်းအတိပင်ဖြစ်သည်။ ထိုဒုက္ခဆူးတွေ ကြာလာသည့်အခါ ခံစားမှုကင်းမဲ့သည့် နိုင်ငံသားများဖြစ်ကုန်သည်။ ဘာမဆိုလုပ်မည်ဟု အလွယ်တွေးလာသည်။ ပြဿနာသည် သယ်ဆောင်စရာကောင်းသည်ဟုမြင်လာသည်။
ပြေးကြည့်တော့ ဆင်ခြင်တုံတရားတွေမတွေ့တော့၊ တွေးကြည့်တော့ ကိုယ်ချင်းစာတရားတွေ မရှိတော့။ ဒီခရီးကား ဆင်ခြင်တုံတရားနှင့် ကိုယ်ချင်းစာတရားတွေမဲ့စွာပင်။
ခုတော့ နိုင်ငံသားတွေ အိမ်မက်ထဲက နိုးထကုန်ကြပြီး။ ခရီးရှည်ချီတက်ဖို့ ပြင်ကြပြီ။ ဝမ်းစာတွေဖြည့် ကြပြီ။ အိမ်နီးခြင်းတွေက ရှေ့ရောက်နေတာအတော်ကြာပြီကိုး။
ဒီတော့ ခရီးရှည်ချီတက်မှုတွင် ကာလအတော်ကြာပျောက်ဆုံးနေသော စိတ်နှလုံးနူးညံ့မှုဝမ်းစာလေး ထည့်ပေးသွားချင်သည်။ သို့မှသာ ဒီခရီးအဆုံးထိရောက်နိုင်မည်။ ဟင်္သာကိုးသောင်းပျက်ပေါင်းများနေပြီမို့ ခဏတော့ နားလည်ပေးကြပါဟု ဆိုရုံသာလျှင်ရှိသည်။
ဆိုလိုရင်းပြန်ချုပ်ရလျှင် နိုင်ငံတည်ဆောက်ခါစကာလမှာ မှုခင်းများထွေပြားသဖြင့် နိုင်ငံသားများ၏ ကြောက်လန့်မှုမြင့်တက်ကာ လုံခြုံမှုကင်းမဲ့လာခြင်းများလာသည်ကို နေ့စဉ်နှင့် အမျှစာနယ်ဇင်းများတွင် နေရာယူပါဝင်လာခဲ့သည်။
နှစ်ပေါင်းများစွာ ဒုက္ခသုက္ခကြားထဲတွင် အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားဖြတ်သန်းခဲ့သည့် ဘဝတွေ ကြာလာတော့ ကိုယ်ချင်းစာမှု၊ ဆင်ခြင်တုံ့တရားပျောက်ဆုံးမှုတွေဖြစ်လာသည်။ ဤကား ရသခံစားမှု အားနည်းခြင်း၊ စာပေအဆင့်အတန်းနိမ့်ကျခြင်း၊ သင့်တင့်မျှတသော လူထုအပန်းဖြေနေရာများပျောက်ဆုံးခြင်း၊ နိုင်ငံရေးမတည်ငြိမ်ခြင်း၊ စစ်ရေးကျယ်ပြောခြင်းကြောင့် ဆင်းရဲမွဲတေမှုမြင့်တက်ခြင်းများဖြစ်လာသည်ဟု လေ့လာမှုအရ ဆိုချင်သည်။
ယခုကား လွတ်လပ်ပြီး တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ ဦးတည်ကြရန် ပြင်ဆင်နေပြီဖြစ်သောကြောင့် အချင်းချင်းကြား သည်းခံမှုကိုသာလျှင်အခြေခံပြီး တရားမျှတမှုကို ဆက်လက် သယ်ဆောင်သွားကြပါရန် တိုက်တွန်းလိုက်ရပါသည်။