မွန်ပြည်နယ်တောင်ပိုင်းဒေ ရေးမြို့နယ်အတွင်း ကွမ်းသီးစပေါ်ချိန်တွင် ကွမ်းသီးအဆိုတစ်လုံးလျှင် ကျပ် ၃၀ အထက်ထိ ဈေးကောင်းရရှိနေသည်ဟု ရေးဒေသခံ ကွမ်းသီးခြံပိုင်ရှင်တို့၏ ပြောပြချက်အရ သိရသည်။
လက်ရှိပေါက်ဈေးအရ ကွမ်းသီးထွက်ရှိရာဒေသနှင့် ကွမ်းသီးအလုံးပေါ်မူတည်ပြီး တစ်လုံးလျှင် ကျပ် ၃၀ နှင့် ကျပ် ၅၀ ကြားထိ ဈေးကောင်းရရှိနေပြီး ယမန်နှစ်က ကွမ်းသီးပေါ်ချိန်တွင် ကွမ်းသီးတစ်လုံးလျှင် ၁၅ ကျပ်နှင့် ၂၅ ကျပ်ကြား ရှိခဲ့သည်ဟု  ကွမ်းသီးအပင် ၂၀၀၀ ပိုင် ခြံရှင် ကိုစိုးသိန်းက ပြောသည်။
၎င်းက “ဒီနှစ်ကတော့ ကွမ်းသီးဈေးကောင်းတယ်၊ တချို့ဆို တစ်လုံး ၅၀ ထိ ရတယ်၊ ရေးဒေထွက်ကွမ်းသီး တူပေမယ့် ဈေးကတော့ ကွာတယ်၊ ရေးအရှေ့ပိုင်းနဲ့ အနောက်ပိုင်းဒေသကထွက်တဲ့အသီး မတူကြဘူး အနောက်ပိုင်းဒေသက ပင်လယ်နဲ့နီးတော့ ကွမ်းသီးအလုံးလှတယ် ဈေးကောင်းရတယ် အဲလိုတော့ ကွာတယ်” ဟု ပြောသည်။
ကွမ်းသီးဈေးကောင်းလာရခြင်းသည် အိန္ဒိယနယ်စပ်ဘက်က ကွမ်းသီး ဝယ်လိုမှုများလာခြင်းဖြစ်ကြောင်း ကွမ်းသီးအဝယ်ဒိုင်တို့၏ ပြောကြားချက်ကို ကိုးကားပြီး ကိုစိုးသိန်းက ပြောသည်။ ၎င်းပြင် ရေးမြို့ပေါ်ရှိ ကွမ်းသီးအဝယ်ဒိုင်များအပြင် ရန်ကုန်အဝယ်ဒိုင်တို့ကလည်း အပြိုင်အဆိုင် ရောင်းဝယ်လာကြသည်ဟုလည်း  ပြောသည်။
ကွမ်းသီးထွက်ချိန်တွင် ကွမ်းသီးဈေးကောင်းရရှိလေ့ရှိသော်လည်း ယခုနှစ်ကဲ့သို့ ဈေးနှုန်းတစ်ခါမှ မရရှိခဲ့ဖူးကြောင်း ခါတိုင်းနှစ်တွေက ကွမ်းသီးအထွက်နည်းလို့ ကွမ်းသီးဈေးကောင်းရရှိခဲ့ဖူးကြောင်း ကွမ်းသီးခြံပိုင်ရှင်တို့က ပြောသည်။
“ကွမ်းသီးကတော့ မနှစ်ကထက် ဈေးကောင်းတယ် အဆိုရော အခြောက်ရောဘဲ၊ တစ်လုံး ၃၀ ကျော်တယ်လို့ ပြောတယ် ကျနော်တို့က မရောင်းဘူး အခြောက်ထားတယ်၊ မနှစ်က တစ်လုံး  ၂၀၊ ၂၅ ကျပ်လောက်ဘဲရတယ်” ဟု ကွမ်းသီးခြံပိုင်ရှင် နိုင်အာကာက ပြောသည်။
ကွမ်းသီးအခြောက်ဈေးနှုန်းလည်း ဈေးကောင်းလျှက်ရှိပြီး လက်ရှိတွင် တစ်ပိဿာလျှင်  ၅၈၀၀ ကျပ်ရှိကာ မိုးတွင်းတုန်းက ကျပ် ၆၂၀၀ ထိ ဈေးတက်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
ကွမ်းသီးစပေါ်ချိန်တွင် ကွမ်းသီးအဆို ဈေးကောင်းသော်လည်း တချို့သော ကွမ်းသီးခြံပိုင်ရှင်တို့က အလုံးလိုက်ရောင်းသည့် ကွမ်းသီးထက် မိုးတွင်းကျလျှင် ဈေးကောင်းပိုရသည် ကွမ်းသီးအခြောက်ကိုသာ ထားကြသည်။
“ကျနော်တို့ကတော့ အလုံးနဲ့ မရောင်းဘူး အခြောက်ဘဲထားတယ်၊ အခြောက်က မိုးတွင်းကျရင် ဈေးပိုကောင်းတယ်လေ၊ အများစုကတော့ အခြောက်ဘဲထားကြပါတယ်၊ ငွေလိုသူအချို့ကဘဲ အဆိုရောင်းကြတာရှိတယ်” ဟု ရေးမှ ကွမ်းသီးခြံပိုင်ရှင်တဦးက ပြောသည်။
ကွမ်းသီးသည် သီတင်းကျွတ်လဆန်းခန့်မှစထွက်ပြီး နတ်တော်လခန့်တွင် ကွမ်းသီး ကုန်ဆုံးသည့် အချိန်ဖြစ်သည်ဟု ကွမ်းသီးခြံပိုင်ရှင်တို့က ပြောသည်။
ရေးမြို့နယ်သည် ရာသီအလိုက်ထွက်သည့် ကွမ်းသီး၊ ဒညင်းသီး၊ ဒူးရင်းသီး၊ မင်းကွတ်သီး၊ သံပုရာသီး စသည့်သစ်သီး ဥယျာဉ်ခြံစိုက်ပျိုးခြင်းလုပ်ငန်းတို့ဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြပြီး အဓိက ကွမ်းသီးနှင့် ရာဘာသည် ၎င်းတို့ဒေသ၏ အဓိက စိုက်ပျိုးလုပ်ကိုင်သည့် လုပ်ငန်းများဖြစ်သည်။
မွန်ပြည်နယ်မှ ထွက်ရှိသည့် ကွမ်းသီးများအနက် ရေးမြို့နယ်သည် ကွမ်းသီး အများဆုံး စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခုဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.