ယာဉ်မတော်တဆမှု များပြားလာနေသည့် ပေါင်မြို့နယ်၌ တစ်ရက်တည်းတွင် ယာဉ်တိုက်မှု ၃ ခုဖြစ်ပွားပြီး လူ ၃ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သက်ဆိုင်ရာ နယ်မြေရဲစခန်းထံမှ သိရသည်။
နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းခန့်က ပေါင်မြို့နယ် ကျခတ်ငူကျေးရွာ မိုင်တိုင်အမှတ် ၁၈၁/၁ အနီးတွင် မော်လမြိုင်မှ ပေါင်သို့ မောင်းလာသည့်ဆိုင်ကယ်နှင့် ပေါင်မှ မုတ္တမသို့ မောင်းလာသည့် ဆိုင်ကယ်တိုက်မိပြီး တဦးသေဆုံး တဦးဒဏ်ရာရရှိခဲ့သည်နှင့်အတူ ယင်းနေ့နံနက်ပိုင်းတွင်ပင် ကျွဲခြံကျေးရွာ ဂတ်လှေဆိပ်ပိုင်းလမ်းမတန်းမိုင်တိုင်အမှတ် ၁၇၄/၅ အနီး၌လည်း ဆိုင်ကယ်တိုက်မိကြရာမှ တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့ကြသည်။
ထိုအတူ နိုဝင်ဘာ ၁၅ ရက်နေ့ ညပိုင်းခန့်တွင်လည်း ဇင်းကျိုက်မြို့ ခလောက်အင်းရပ်ကွက် ၃ မိုင်တိုင်အမှတ် ၁၆၇/၃ အနီး ဆိုင်ကယ်လမ်းဖြတ်ကူးစဉ် လမ်းကူနေသူအမျိုးသမီးတဦးနှင့် ဝင်တိုက်မိပြီး ဆိုင်ကယ်လဲကျသဖြင့် ဆိုင်ကယ်နောက်ပါလာသူက သေဆုံးသွားသည့်အပြင် အတိုက်ခံရသူ အမျိုးသမီးနှင့် ယာဉ်မောင်းသူတို့တွင် ဒဏ်ရာရရှိခဲ့ကြသည်။
ထိုတစ်ရက်တည်းတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ၃ ခုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့တို့က တရာလိုပြု တိုင်းကြားခဲ့ရာ သက်ဆိုင်ရာ နယ်မြေရဲစခန်းတို့တွင် ပြစ်မှုပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းတို့ထံမှ သိရသည်။