အကျင့်ပျက်ခြစားမှုဆိုင်ရာ Anti Corruption Training သင်တန်းတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ရေးမြို့တွင် ဖွင့်လှစ်မည်ဖြစ်သည်ဟု စီစဉ်နေသူတို့က ပြောသည်။
အဆိုပါသင်တန်းကို ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society-YSS)နှင့် ရန်ကုန် အခြေစိုက် စွမ်းရည်ရှေ့ဆောင်လူမှုရေးအသင်း (Capacity BuildingIntiative-CBI) အဖွဲ့တို့ ပူးပေါင်း ကျင်းပ ပို့ချသွားမည်ဖြစ်သည်။
“ဒီသင်တန်းကို CBI နဲ့ YSS တို့ပူးပေါင်းဖွင့်လှစ်တာ မြန်မာနိုင်ငံမှာ ရေးက ပထမဆုံးအကြိမ်ပေါ့၊ ဒီလိုကျင်းပနိုင်တဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ မြိုနယ်ရဲ့အနာဂါတ်အတွက်လည်း ပိုကောင်းမှာပါ။ အကျင့်ပျက်ခြစားမှုဆိုတာက ပေးသူနဲ့ ယူသူ ပူးပေါင်းတားဆီးကြမှ ပပျောက်သွားမှာပါ” ဟု YSS အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောသည်။
CBI အနေဖြင့် Anti Coruption Training ကို အစိုးရအဖွဲ့အစည်းတွေအတွက် ဒီမိုကရေစီယဉ်ကျေးမှုနှင့်အညီ ပြုကျင့်တာဝန်ထမ်းဆောင်နိုင်ရန်နှင့် ပြည်သူတွေအနေဖြင့်လည်း လာဘ်ပေး လာဘ်ယူဖြစ်မြောက် သည့်အကြောင်းအရင်းများနှင့် ကာကွယ်တားဆီးရန်တို့အတွက် အဆိုပါသင်တန်းကို စီစဉ်ရခြင်းဖြစ်သည်ဟု စီစဉ်သူများက ဆိုသည်။
၎င်းက “ Anti Courption ဆိုတာက အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးပေးမယ့်သင်တန်းပါ။ ဒီသင်တန်းက အစိုးရတွေ၊ နိုင်ငံဝန်ထမ်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိနေတဲ့ လာဘ်ပေး လာဘ်ယူဆိုင်ရာတွေ၊ အကျင့်ပျက်ခြစားမှုဆိုင်ရာတွေကို တုံ့ပြန်တားဆီးနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ် သွားမှာပါ” ဟု ဆိုသည်။
“တက်ရောက်ဆွေးနွေးဖို့ စာရင်းပေးထားပြီးပြီ။ ယနေ့ခေတ်မှာ ဒါတွေက လိုအပ်တယ်။ အကျင့်ပျက်ခြစားမှု တွေက မရှိသင့်တော့ဘူး ” ဟု သီရိနန္ဒာရပ်ကွက်နေ ကိုအောင်မျိုးက ပြောသည်။
ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အနေဖြင့် CBI နှင့်ပူးပေါင်းကာ ရေးမြို့နယ်တွင် သင်တန်းပေါင်း ၆ ခုခန့် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်ဟုလည်း သိရသည်။