မွန်ပြည်နယ်တွင် မူလမဲဆန္ဒနယ် ပြင်ပရောက်ရှိသူများ လက်ရှိနေထိုင်ရာ မဲဆန္ဒနယ်တွင် မဲပေးနိုင်ရန်အတွက် ပုံစံ (၃-က) ဖြင့် လျှောက်ထားသူ ၂၀,၀၀၀ ကျော်ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိက ပြောသည်။
မွန်ပြည်နယ်တခုလုံးတွင် ပုံစံ (၃-က) ဖြင့် လျှောက်ထားသူအပါအဝင် နောက်ဆုံးအဆင့် မဲဆန္ဒရှင်များ စာရင်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၁၅ သိန်း ၁ သောင်းကျော်ထိရှိလာသည်ဟု ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။
၎င်းက “ပုံစံ (၃-က) က နှစ်သောင်းကျော်တယ် မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားရယ်တော့မဟုတ်ဘူး ပုံစံ ၃-က နဲ့ လျှောက်တာ ရက်ပေါင်း ၁၈၀ အတွင်းနေထိုင်တဲ့သူပေါ့ဗျာ” ဟု ပြောသည်။
မွန်ပြည်နယ်အတွင်း လာရောက် လုပ်ကိုင်စားသောက်နေကြသည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် မဲပေးခွင့်ရရှိရန် အခက်အခဲရှိနေသလို မဲပေးခြင်းဆိုင်ရာ အသိပညာများလည်း သိရှိနားလည်းမှုမရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောသည်။
“သွားခဲ့တဲ့အနေရာ အတော်များများမှာ ရွေ့ပြောင်းလုပ်သားတွေအနေနဲ့ မဲပေးဖို့ ခက်ခဲနေတာတွေ့ရတယ်။ သူတို့ မဲပေးခွင့်ရဖို့က ကော်မရှင်ပိုင်းနဲ့  အုပ်ချုပ်ရေးပိုင်းတို့က ပူးပေါင်းဆောင်ရွက်ပေးမှဘဲ ရမယ်။ ရေးမှာက ကျပန်းလုပ်သားတွေများတယ်” ဟု ရေးမြို့ NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းက ပြောသည်။
မွန်ပြည်နယ်တွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း အစရှိသည့် ဒေသအသီးသီးမှ လာရောက်လုပ်ကိုင် စားသောက်နေကြသည့် ရွှေ့ပြောင်းလုပ်သား အများအပြားရှိပြီး ရေးမြို့နယ်တစ်မြို့နယ်မှာပင် ပင်လယ် ငါးဖမ်းလုပ်ငန်း၊ ရာဘာခြံ၊ ဥယျာဉ်ခြံများနှင့် အခြားကျပန်းအလုပ်တို့တွင် လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သား ၂ သောင်းကျော်ရှိသည်ဟု ခန့်မှန်းထားသည်။
ဧရာဝတီတိုင်းမှ မွန်ပြည်နယ်သို့ လာရောက် လုပ်ကိုင်စားသောင်နေသည့် မစန္ဒာက “ကျမတို့က ရွာမှာလည်း မဲစာရင်း ပါ မပါတော့ မသိဘူး၊ ဒီမှာတော့ ဘာမှလုပ်ထားတာမရှိဘူး၊ ဘယ်သူမှလဲ မပြောတော့ မသိဘူး” ဟု ပြောသည်။
မွန်ပြည်နယ်တွင် ပုံစံ (၃-က) ဖြင့် လျှောက်ထားမှုများကို အောက်တိုဘာ ၁၄ ရက်နေ့တွင် နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားခဲ့သည်။
ပုံစံ (၃-က) ဖြင့် လျှောက်ထားသူများ၏ မဲစာရင်းကို ရွေးကောက်ပွဲမကျင်းပမီ တစ်ပတ်အလိုတွင် သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်ရုံးများတွင် ကပ်ထားပေးမည်ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်နေ့မှစကာ မဲဆန္ဒရှင်သက်သေခံ လက်မှတ်များ ထုတ်ပေးသွားမည်ဟု သိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.