ဘုတ်ပြင်း၊ ဧပြီ ၉
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဆယ်ရက်ကျော်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
ဘုတ်ပြင်းမြို့နယ် လေညာ-ရနာပုံလမ်းပိုင်းရှိ မိုင်တိုင် အမှတ် ၈ လမ်းမကြီးကို အင်အားရာချီနဲ့ စစ်ကြောင်းထိုး လာတဲ့ စစ်ကော်မရှင်တပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကနေ ဧပြီ ၂ ရက်နေ့အထိ ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။
တစ်ဖက်မှာလည်း စစ်ကော်မရှင်တပ်စွဲထားတဲ့ နေရာတွေအပြင်၊ ပြည်ကြီးမဏ္ဍိုင်မီးတပ်စခန်း၊ ရဲစခန်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်ဘက်က အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုတ်ပြင်းတပ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် ၂၀၃ တပ်ရင်းက ဦးဆောင်ပြီး မြိတ်ခရိုင် အမှတ် ၂ တပ်ရင်း၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအထူးတပ်ဖွဲ့နဲ့ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ် လေညာ ရတနာပုံ လမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

