နေပြည်တော် ၊ ဧပြီ ၉

အာဏာသိမ်း စစ်တပ်ရဲ့ ဖွဲ့စည်းမယ့် အရပ်သားအသွင်ပြောင်းအစိုးရအဖွဲ့ထဲမှာ တိုင်းရင်းသားပါတီတွေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေ မပါဝင်နိုင်ဘဲ တပ်အသိုင်းအဝိုင်းနဲ့ ကြံ့ခိုင်ရေးပါတီတို့ပဲ နေရာယူထားပြန်ပါတယ်။

ရွေးကောက်ပွဲဝင်မပြိုင်ဘဲ သမ္မတဖြစ်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွန်ခဲ့တဲ့ ရက်ပိုင်းမှာ ကျင်းပခဲ့တဲ့ တတိယကြိမ် ပြည်‌ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခုနဲ့ ဝန်ကြီး ၃၀ ဦးတို့ရဲ့ အမည်စာရင်းတွေကို အဆိုပြုထားတာပါ။

အဆိုပြုခံထားရတဲ့ ဝန်ကြီးအများစုဟာ စစ်ကောင်စီနဲ့ စစ်ကော်မရှင်လက်ထက်မှာ တာဝန်ယူထားကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ လူဟောင်းတွေအပါအဝင် စစ်ခေါင်းဆောင်ရဲ့ ယုံကြည်ရတဲ့ စစ်တပ်ဩဇာခံသူတွေ ဖြစ်ကြပါတယ်။

ဒါဟာ ပါတီစုံဒီမိုကရေစီစနစ်လို့ ကြွေးကြော်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကနေ ဝင်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေဟာ အချိုးကျကိုယ်စားပြု PR စနစ်ကြောင့် တိုင်းရင်းသားလူမျိုးစုပါတီတွေ အထိုက်အလျောက် အနိုင်ရရှိခဲ့ကြပေမယ့် အစိုးရအဖွဲ့မှာတော့ ချန်လှပ်ခံထားရတဲ့ အခြေအနေပါ။

တစ်ဘက်မှာ ပြုပြင်ပြောင်းလဲရေးအတွက် ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ကြတဲ့ ဦးကိုကိုကြီးနဲ့ ဒေါက်တာ အေးမောင်တို့လို ပုဂ္ဂိုလ်တွေကလည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်မရရှိခဲ့ကြသလို အစိုးရအဖွဲ့ထဲမှာလည်း နေရာပေးခြင်း မခံခဲ့ရပါဘူး။

လေ့လာသူတွေကတော့ အတုအယောင် ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ ဟန်ပြလွှတ်တော်နဲ့ အယောင်ဆောင်အစိုးရအတွက် ဇာတ်ညွန်းဟောင်းအတိုင်း ကပြနေတဲ့ ဇာတ်လမ်းမှာ ဖြတ်လျှောက်နဲ့ အိမ်ဖြည့်အဖြစ် ပါဝင်ခွင့်ပေးတာလို့ ထောက်ပြပါတယ်။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က တိုင်းရင်းသားတွေနဲ့ ပြည်မက နိုင်ငံရေးအင်အားစုတွေအနေနဲ့ အပြောင်းအလဲတစ်ခုခုအတွက် စစ်အုပ်စုဆီက ဘာမှ မျှော်လင့်လို့ မရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီရွေးကောက်ပွဲမှာ ပါတဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေရော ပြည်မမှာရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေရော စစ်အုပ်စုဆီက ဘာမှ မျှော်လင့်လို့ မရပါဘူး။အရိုးရင်း ချကျွေးဖို့အတွက်ကလည်း သူတို့ အာဏာအခြေခိုင်အောင် တည်ဆောက်ပြီးမှသာလျှင် ပေးမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ အပြောင်းအလဲတစ်ခုခုကို မျှော်လင့်ပြီး အဲဒီထဲမှာ ပါဝင်တယ်ဆိုတဲ့ ဆင်ခြေလည်း ပေးလို့ မရသလို အဲဒီမျှော်လင့်ချက်လည်း ဘယ်လိုအခြေအနေမှာမှ ထားလို့ မရဘူးဆိုတာကို သိစေချင်တာပါ”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် အဆိုပြုထားတဲ့ ပြည်ထောင်စုဝန်ကြီးဌာနတွေရဲ့ ဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံထားရသူ အများစုဟာ လက်ရှိမှာလည်း ဝန်ကြီးတွေအဖြစ် တာဝန်ယူထားကြသူတွေပါ။

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံထားရတဲ့ ဦးခင်မောင်ရီဟာ တပ်အငြိမ်းစားဖြစ်သလို လက်ရှိ စစ်ကော်မရှင်မှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဖြစ်ပါတယ်။

အလားတူ နိုင်ငံတော်သမ္မတရုံးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးအောင်ကျော်ဟိုးကလည်း လက်ရှိ စစ်ကော်မရှင်မှာ အလုပ်သမားဝန်ကြီးဖြစ်သလို ဗိုလ်မှူးချုပ်ဟောင်းတစ်ဦး ဖြစ်ပါတယ်။

ရေတပ်ချုပ်ရဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အောင်စန်းကလည်း ပို့ဆောင်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံထားရပြီး သူဟာ စစ်ကော်မရှင်ရဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ဝန်ကြီးဖြစ်ပါတယ်။

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးအဖြစ် အမည်တင်သွင်းခံထားရသူ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြထွန်းဦးကလည်း စစ်တပ်ရဲ့ (ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်းဖြစ်သလို လက်ရှိမှာလည်း ပို့ဆောင်ရေးနဲ့ ဆယ်သွယ်ရေးဝန်ကြီးတစ်ဦးပါ။

ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို အမည်စာရင်းတင်သွင်းထားပြီး သူဟာ လေတပ်ချုပ်ဟောင်းတစ်ဦးဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးကိုတော့ စစ်ဆင်ရေးအထူးအဖွဲ့မှူးဟောင်းလည်းဖြစ် အနောက်တောင်တိုင်းနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့မှာ တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို အမည်စာရင်းတင်သွင်းထားတာပါ။

အာဏာသိမ်းစစ်တပ်ရဲ့ အရပ်သားအသွင်ပြောင်းတဲ့ အစိုးရအဖွဲ့ကို သံတမန်‌ရေးအရ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိဖို့ ကြိုးပမ်းတဲ့နေရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် ဗိုလ်မှူးချုပ်ဟောင်း ဦးတင်မောင်ဆွေကို အဆိုပြုထားတာ တွေ့ရပါတယ်။

သူဟာ စစ်ကောင်စီနဲ့ စစ်ကော်မရှင်လက်ထက်မှာ စစ်တပ်ကို လိုအပ်တဲ့ အကူအညီတွေပေးပြီး ကျားကန်ပေးထားတဲ့ တရုတ်နိုင်ငံ အပါအဝင် မြောက်ကိုရီးယားနိုင်ငံတို့မှာ မြန်မာသံမတ်အဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးအဖြစ် အမည်တင်သွင်းခံထားရသူ ဒေါက်တာကံဇော်ကလည်း လက်ရှိ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးတစ်ဦးဖြစ်ပြီး နယ်စပ်ရေးရာဝန်ကြီးကိုတော့ လက်ရှိ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကို အမည်စာရင်းတင်သွင်းထားတာပါ။

လက်ရှိ ဥပဒေရေးရာဝန်ကြီး ဒေါက်တာ သီတာဦး ၊ ပညာရေးဝန်ကြီး ဒေါက်တာ ချောချောစိန်၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဒေါက်တာမျိုးသိန်းကျော်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းတို့ကိုတော့ အစိုးရအဖွဲ့သစ်မှာ နဂိုအတိုင်း ဆက်လက်ခန့်အပ်သွားမယ့် အခြေအနေ ဖြစ်ပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမင်းနောင် ၊ လဝက ဝန်ကြီး ဦးမြင့်ကြိုင် ၊ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးမျိုးသန့် နဲ့ လူကယ်ပြန် ဝန်ကြီး ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာ စိုးဝင်းတို့လည်း အလားတူပါ။

ကျန်တဲ့ ဝန်ကြီးဌာနတွေရဲ့ ပြည်ထောင်စုဝန်ကြီးတွေအဖြစ် အမည်စာရင်းတင်သွင်းခံရသူတွေကလည်း တပ်ကနေ အငြိမ်းစားယူထားကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်သလို စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲ အနိုင်ရထားကြသူတွေ ဖြစ်ပါတယ်။

ဒီအခြေအနေဟာ စစ်ခေါင်းဆောင်အနေနဲ့ သူ့ရဲ့ အာဏာကို သေချာစေဖို့အတွက် အစိုးရဖွဲ့ထဲမှာ လူယုံ‌တော်တွေနဲ့ပဲ ထားရှိတဲ့ သဘောလို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကတော့ အာဏာကို လက်မလွှတ်နိုင်လို့ပေါ့။ ပြောရမယ်ဆိုရင် အာဏာစသိမ်းကတည်းကိုက သမ္မတဖြစ်ချင်လို့ အာဏာသိမ်းတဲ့ မင်းအောင်လှိုင်ပေါ့။ အခု သမ္မတဖြစ်တယ် သမ္မတနေရာကို ရအောင်ယူပြီးတော့ သူ့ကို အန္တရာယ်ပြုနိုင်တဲ့နေရာတွေရော သူခိုင်းလို့ရတဲ့ နေရာတွေအကုန်လုံးကို သူ့လူယုံတော်တွေနဲ့ပဲ ထားတာပဲပေါ့။ ဆိုတော့ ဒီလိုမျိုး သူ့ရဲ့ အာဏာကို သေချာအောင်လုပ်ဖို့အတွက်ပဲ ဒီလိုမျိုး ကိုယ်ပွားတွေ လူယုံတွေ ထားတဲ့ သဘောပါပဲ”လို့ ဆိုပါတယ်။

သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြုထားတဲ့ ပြည်ထောင်စုဝန်ကြီးအမည်စာရင်းနဲ့ ပတ်သက်ပြီး ဧပြီ ၉ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ ကန့်ကွက်ဆွေးနွေးမယ့်သူရှိရင် ဆွေးနွေးတာနဲ့ ကန့်ကွက်မယ့်သူမရှိရင် လွှတ်တော်က သဘောတူကြောင်း ကြေညာမှာ ဖြစ်ပါတယ်။

တစ်ဘက်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေရဲ့ ဥက္ကဌနဲ့ ဒုဥက္ကဌတွေကိုလည်း စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေကိုသာ ရွေးချယ်တင်မြှောက်ထားတာပါ။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်ပိုင်ခွင့်ရှိတဲ့အတွက် လက်ရှိ ဝန်ကြီးချုပ်တချို့ကို ပြန်လည်ခန့်အပ်ထားသလို ကျန်ဝန်ကြီးချုပ်တွေကိုလည်း တပ်အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေနဲ့သာ အတည်ပြုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.